ပြည်ကြီးတံခွန် ၂၅ ဇူလိုင်

လုပ်ငန်းတွင် ထိခိုက်၍ အမြဲတမ်းမသန်စွမ်းမှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းရှိ VeVe အချိုရည်စက်ရုံ အစည်းအဝေးခန်းမ၌  ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးက လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးမြို့ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၃) တွင် အကျုံးဝင် မှတ်ပုံတင်ထားသော Ve Ve အချိုရည်စက်ရုံမှ အာမခံအလုပ်သမား ဦးကျော်ဆွေဝင်းသည် ဇွန် ၆ ရက်က ကော်ပြားဆွဲစက်(Roller) တုံးအား သန့်ရှင်းရေး ပြုလုပ်စဉ် (Roller) တုံးကြားသို့ အဝတ်စပါသွားရာမှ လက်ချောင်းအချို့ ပြတ်တောက်ခဲ့ရသည်။

 

mdn

 

အဆိုပါ အာမခံအလုပ်သမား ဦးကျော်ဆွေဝင်းအား လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် (၃၆၁၉၇၂၈) (ကျပ်သုံးဆယ့်ခြောက်သိန်းတစ်သောင်းကိုးထောင်ခုနှစ်ရာနှစ်ဆယ်ရှစ်ကျပ်တိတိ) အား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးက အမြဲတမ်းမသန်စွမ်းမှုအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်အဖြစ် ပေးအပ်ခဲ့သည်။ ယင်းနောက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိသူ ကိုယ်စား Ve Ve အချိုရည်စက်ရုံမှ စက်ရုံမှု ဦးချစ်စန်းမောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စက်ရုံမှူးမှ ဝန်ထမ်းများနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)