မုံရွာ ၂၃ ဇွန် 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အထက်အောက်စုန်ဆန်ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ မိုးဦးကာလတွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များထုတ်ပြန်ထားကြောင်း သိရသည်။

'' သတိပေးထုတ်ပြန်ချက်ကိုတော့ ဇွန်လ ဒုတိယပတ်အတွင်းက ထုတ်ပြန်တာပါ၊ မိုးဦးကာလ ဖြစ်တဲ့အတွက် လေးပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်၊ လေပြင်းနဲ့အတူ လှိုင်းကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်တယ်၊ မတော်တဆမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ကြိုတင်သတိပေး ထုတ်ပြန်တာ ဖြစ်တယ်၊” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သန်းက ပြောသည်။

ရေယာဉ်ကိုယ်ထည်နှင့် စက်ကိရိယာများအား ပြုပြင်ထိန်းသိမ်းရန်၊ အသက်ကယ်အင်္ကျီ၊ မီးသတ်ပစ္စည်း၊ အချက်ပေး၊ အချက်ပြပစ္စည်း ကိရိယာများ စုံလင်စွာထားရှိပြီး အသုံးပြုနိုင်ရန်၊ မိုးကာအသုံးပြုမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ကိုသတိပြုနိုင်ရန်၊ ရေယာဉ်များခုတ်မောင်းစဉ်၊ ကျောက်ချထားစဉ်နှင့် ဆိပ်ကမ်းများတွင်ရပ်နားထားစဉ် အချက်ပြအမှတ်အသား၊ အချက်ပြမီးနှင့်အသံပေးကိရိယာများကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အသုံးပြုကြရန်၊ စည်းကမ်းမဲ့စွာ ခုတ်မောင်းမှုများ မပြုလုပ်ကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)