ပဲခူး ၂၈  ဇွန် 

 

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ သင်ကြားပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအား Japan-Myanmar Center လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဗဟိုဌာနမှ ဒါရိုက်တာ ဒေါက်တာမျိုးသက်နှင့် ကိုယ်စားလှယ်များက ယနေ့ နံနက်(၉)နာရီက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဒေါက်တာမျိုးသက်မှ မိမိတို့အဖွဲ့သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် ဂျပန်-မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်ထားသည့် မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဌာနတစ်ခုဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် စီးပွားရေးနှင့် သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ၊ ဌာနဆိုင်ရာများအတွက် အုပ်ချုပ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပြီး၊ ယနေ့ခေတ် ကာလ သည် လူ့စွမ်းအား အရင်းအမြစ်များ ဖော်ထုတ်ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်မှသာ အနာဂတ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်ပါကြောင်းနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယမန်နေ့က ဝန်ကြီးဌာနအသစ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို ဖွဲ့စည်းရန် ခွင့်ချက်ရရှိခဲ့ပြီးဖြစ်၍ ယင်းဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ပညာရေးနဲ့ပြုစုပျိုးထောင်မှုများ ဆောင်ရွက်နေသလို တစ်ပြိုင်တည်း အုပ်ချုပ်ရေးအပိုင်းကိုလည်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူနှင့် အစိုးရကြား ချိတ်ဆက်ပေးမည့် NGO များ အားကောင်းလာလေလေ ပြည်သူအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများသည် ပဲခူးတိုင်းဒေသကြီးအတွင်း လာရောက်ဆောင်ရွက်ပေးမည်ကို သိရှိရသဖြင့် မိမိတို့အစိုးရမှ ဦးဆောင်လျက်ရှိသော ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ပြည်သူအတွက်လည်း အလွန်အကျိုးရှိနိုင်မည်ဖြစ်၍ ကြိုဆိုပါကြောင်းနှင့် ယခုလို တိုင်းပြည်အနာဂတ်အတွက် ရေရှည်အကျိုး မျှော်ကိုးဆောင်ရွက်မှုအပေါ် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ JMC မှ ဒါရိုက်တာ ဒေါက်တာမျိုးသက်နှင့် Chief Advisor, Mr. Kunihiro YAMAUCHI နှင့် မန်နေဂျာ ဒေါက်တာသန်းသန်းအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)

 

IMG-c89a0