ကော့သောင်း ၂၈ ဇွန်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ရာမှ လူကုန်ကူးခံရပြီး မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကာ အသက်မသေခဲ့သည့် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများက ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ ဒေသတာဝန်ရှိ အဖွဲ့အစည်းများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများမှာ လွန်ခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က ထိုင်းနိုင်ငံသို့ လူပွဲစားများဖြင့် တရားမဝင်သွားရောက်ရာမှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖုံခရိုင်၊ ချွန်ကတင်မြို့နယ်၊ အမှတ်(၄)အာရှလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား လေးဦး သေဆုံးခဲ့ရပြီး အသက်မသေခဲ့သည့် အလုပ်သမားများအား ရနောင်းမြို့လူ့အသိုင်းအဝိုင်း မြှင့်တင်ရေးနှင့် လုံခြုံရေးစင်တာတွင် ထိန်းသိမ်းထားကာ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးဖေါ်ထုတ်ချက်အရ လူပွဲစားများအား ဖေါ်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီးဖြစ်သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးပြီး ကော့သောင်းမြို့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် ခေတ္တ လက်ခံ စောင့်ရှောက်ထားရှိပြီး ၎င်းတို့၏ မိဘရပ်ထံသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရေး ဆက်လက်ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


