နေပြည်တော်၊ ဒီဇင်ဘာ   ၁၁

 

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကိုယ်စားလှယ် (၂၁) ဦးတို့ တက်ရောက်ကြသည်။

 

ဦးစွာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ် စီမံကိန်း (၂၀၂၂  -၂၀၂၆ ) ၏  (၂၀၂၃ ) ခုနှစ် လုပ်ငန်းစီမံချက်တွင် မိမိတို့လုပ်ငန်းကော်မတီက အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းရပ် (၃၆) ခုတွင် (၂၃) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက် ရေးဆွဲရာတွင် ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုလမ်းကြောင်းများ၊ လူကုန်ကူးမှု ပုံစံအသစ်များနှင့် အသုံးပြုသည့် နည်းလမ်းများကို အထူးဂရုပြု တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူအဖြစ် စိစစ်ဖော်ထုတ် သတ်မှတ်နိုင်ရေး၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေးစသည့်  လုပ်ငန်း နယ်ပယ်များကို ထည့်သွင်းစဉ်းစား ရေးဆွဲကြရမည်ဖြစ်ကြောင်း၊  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်၍ ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ် ချက် (၁၀) ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်