နေပြည်တော်၊ အောက်တိုဘာ ၂၀

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ၏ အမှုဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန်နှင့် အမှုဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ (Insolvency Practitioner-IP) များ၏ ကျင့်ဝတ်လိုက်နာမှုအပေါ် ထိန်းကျောင်းသည့် ယန္တရားတစ်ရပ် ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အမှုဆောင် ကော်မတီဝင်များအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ မိမိတို့၏ အတွေ့အကြုံများဖြင့် ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်းနှင့် လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လျင်မြန်သွက်လက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက်လည်း အားလုံး တက်ညီလက်ညီ  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ 

ထို့နောက် အမှုဆောင်ကော်မတီဝင်များက လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအတွက် ပညာ အရည်အချင်း၊ အတွေ့အကြုံကာလနှင့် ကျင့်ဝတ်ဆိုင်ရာများ သတ်မှတ်မှု၊ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်ဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (SOP) ထုတ်ပြန်နိုင်ရေးကိစ္စ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်းအတွက် အခကြေးငွေသတ်မှတ်မှု စသည်တို့ကို ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်