နေပြည်တော် ဒီဇင်ဘာ ၁၉

 

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယ ဉက္ကဋ္ဌ(၂) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ကော်မတီဝင်များ တက်ရောက် ကြသည်။

 

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)က အဖွင့်အမှာစကား ပြောကြားရာတွင်   မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းများကိုစတင်‌ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဌာနများပါဝင်သည့် အမျိုးသားကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာအစီရင်ခံစာများအရ တစ်ကမ္ဘာလုံး၏ “GDPတွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှု ရာခိုင်နှုန်း”သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိ၍ မြန်မာနိုင်ငံအနေဖြင့် ဒသမ ၉၉ ရာခိုင်နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသော အသက်(၂)နှစ်‌အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးသူများအား လူမှုရေးပင်စင်ထောက်ပံ့သည့်အစီအစဉ်နှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ခြင်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများသာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များလည်း ပူးပေါင်း‌ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးကြီးသော လုပ်ငန်းနယ်ပယ်များဖြစ်သည့် အာဟာရပြည့်ဝရေး၊ ပညာရည်မြင့်မားရေး၊ (၅)နှစ်အောက်ကလေး သေဆုံးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးကိစ္စရပ်များအတွက် ရေးဆွဲပြဋ္ဌာန်း ထားသောမူဝါဒများ၊ မဟာဗျူဟာစီမံချက်များနှင့်အညီ နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)က အလုပ်သမား ဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့က ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ရရှိရေး ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်ဆောင်ရွက်မှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အညွှန်းကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက် မူကြမ်း (၆) ရပ် ချမှတ်သည်။

 

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)