နေပြည်တော် ၁ စက်တင်ဘာ

 

လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Coronavirus Disease (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင် ယခုအချိန်ထိ ရောဂါကူးစက်ပျံ့ပွားမှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသားများအပေါ် ကျန်းမာရေးသက်ရောက်မှုသာမက နိုင်ငံအတော်များများ၏ စီးပွားရေးအပေါ်တွင်လည်း ဝန်ထုတ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် ဆိုးရွားသော သက်ရောက်မှုများအား တုံ့ပြန်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာစီမံကိန်းများကို ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ကိုဗစ်-၁၉ ဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်း၊ အလုပ်သမားလျော့ချခြင်းများ မဖြစ်စေရန်အတွက် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များထုတ်ပြန်၍ ထည့်ဝင်ကြေးပေးသွင်းသည့် ကာလကိုဖြေလျော့ပေးသွင်း ခွင့်ပြုခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်းလုပ်ငန်းခွင်မှ အလုပ်လက်မဲ့ဖြစ်သွားသည့် အာမခံအလုပ်သမားများအတွက် မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်ကို (၂၆)ပတ်အထိ ခွင့်ပြုပေးခြင်း၊ ဆေးဖိုးနှင့် ခရီးစရိတ်ပြန်အမ်းငွေကို (၁)နှစ်အထိ ခွင့်ပြုပေးခြင်း၊ ကိုယ်ဝန်ဆောင် အာမခံအလုပ်သမားများကို မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် ၆၀% အဖြစ် (၂၆)ပတ်ထိ ခွင့်ပြုပေးခြင်း၊ Quarantine ဝင်ရသည့် အာမခံအလုပ်သမားများအတွက် Quarantine ဝင်ရသည့်ကာလ (၂၈)ရက်အား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% ကို ငွေကြေးအကျိုးခံစားခွင့်ပြုခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်နှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဧပြီလ (၂၀)ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ ခေတ္တပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% အား ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယခုကဲ့သို့ ဖြေလျော့ပေးသည့် လုပ်ငန်းစဉ်များအပေါ် ထိရောက်မှု ရှိ/မရှိ ပြန်လည်သုံးသပ်ရန်နှင့် ထိုသို့သုံးသပ်ရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့များ၏ ကိုဗစ်-၁၉ ကာလအတွင်း တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကို လေ့လာဆန်းစစ်ပြီး ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်လိုကြောင်း၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသက်ရောက်မှုများ လျော့နည်းသက်သာစေရေး အစီအမံများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုထုတ်ပေးခဲ့သည့် ငွေကြေးအကျိုးခံစားခွင့် စုစုပေါင်းကျပ်သန်း (၂၆,၅၇၆.၇၆၂) အား ထုတ်ပေးခဲ့မှု၊ COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရန်နှင့် အာမခံအလုပ်သမားများမှ အကျိုးခံစားခွင့်များကို လွယ်ကူလျင်မြန်စွာရရှိစေရန် Wave Money ဖြင့် Pilot ဆောင်ရွက်မှု၊  လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများ၌ အာမခံအလုပ်သမားများအတွက် ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ဆေးပစ္စည်းကိရိယာများကို အသင့်ဆောင်ရွက်ထားမှုနှင့် ရောဂါကုသပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Video၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးမှုနှင့် Viber Sticker များ လွှင့်တင်ဆောင်ရွက်ခဲ့မှု၊ CERP Plan ပါ လူမှုဖူလုံရေးဆိုင်ရာ အချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ် အကောင်အထည်ဖော်ရန်အတွက် ILO၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်နိုင်ရန် EU အဖွဲ့မှ ထောက်ပံ့ကူညီမှု များ ရယူပြီး ဆက်လက်ဆောင်ရွက်ရန်၊ အာမခံအလုပ်သမားများ ဆေးဖိုးပြန်လည်ခွင့်ပြုထုတ်ပေးခြင်းကို Wave Money ဖြင့် တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်ရှင်များ ထည့်ဝင်ကြေးပေးသွင်းရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် e-Contribution လုပ်ငန်းကို CCT Function ဖြင့် Pilot ဆောင်ရွက်သွားရန်၊ လက်ရှိဆောင်ရွက်နေသော Reform (၄) ဆက်လက်ဆောင်ရွက်ခြင်း၊ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%) အား ကျန်ရှိသော အကျုံးဝင်အလုပ်ဌာနများအား ဆက်လက်စိစစ်ခွင့်ပြုသွားရန်၊ Quarantine ဝင်သည့် အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အာမခံအလုပ်သမားများအား မကျန်းမာမှုအကျိုးခံစားခွင့် (၆၀%) ကို ဆက်လက်ခွင့်ပြုထုတ်ပေးသွားရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့် လက်ထောက်ဆရာဝန် (၁၈)ဦးအား တွေ့ဆုံ၍ လူမှုဖူလုံရေးအဖွဲ့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် လက်ထောက်ဆရာဝန်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ဆောင်ရန်ရှောင်ရန်အချက်များကို နားလည်သိရှိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် ပြောကြားလိုပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင်အထည်ဖော်ကြရမည်ဖြစ်ပြီး မိမိတို့နှင့်သက်ဆိုင်သော ပညာရပ်များသာမက နိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက်သည့် ဘာသာရပ်နယ်ပယ်အသီးသီးကိုလည်း နားလည်သိရှိပြီး အစဉ်တိုးတက်စေရန် လေ့လာဆည်းပူးသွားကြရန် လိုအပ်ပါကြောင်း၊

 

လူမှုဖူလုံရေးဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သောကြောင့် အာမခံအလုပ်သမားများအနေဖြင့် ဆေးရုံ/ ဆေးခန်းများကို ပိုမိုယုံကြည်အားကိုးလာစေရန် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များဖြင့် ထိရောက်သော ဝန်ဆောင်မှုပေး၍ နွေးထွေးပျူငှာစွာ ဆက်ဆံဆောင်ရွက်သွားရေးသည် အရေးကြီးပါကြောင်းနှင့် အာမခံအလုပ်သမားများအား ထိရောက်သော ဆေးကုသူမှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားကြစေလိုပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်