လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ရှိ ILDONG FOODIS Co,Ltd မှ ဆိတ်နို့မှုန့်ဘူးများလှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော ကလေးပြုစုရေးဌာနများမှ စောင့်ရှောက်ထားရှိသည့် ကလေး သူငယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ILDONG FOODIS Co, Ltd မှ ဆိတ်နို့မှုန့်ဘူးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် Virtual ပုံစံဖြင့် ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး၊ အလှူရှင် ILDONG FOODIS Co, Ltd နှင့် SUN SHINE YANGON Co, Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အလှူရှင်များလှူဒါန်းသည့် ဆိတ်နို့အာဟာရကို စားသုံးရသည့်အတွက် ကလေးသူငယ်များ၏ အာဟာရလိုအပ်ချက်ကို အထောက်အပံ့ကောင်းစွာဖြစ်စေပါကြောင်း၊ ယခုလှူဒါန်းသည့် ဆိတ်နို့မှုန့်ဘူးများကို လူမှု ဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနများနှင့် တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာများသို့ အမြန်ဆုံးဖြန့်ဝေပေးပို့သွားမည် ဖြစ်ပါကြောင်း၊ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များ သည် အနာဂတ်နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်ပါသဖြင့် လှူဒါန်းပေးအပ်ပါ သော အလှူရှင် ILDONG FOODIS Co, Ltd နှင့် လှူဒါန်းနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးသည့် SUN SHINE YANGON Co, Ltd အပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးတို့ကို ကလေးသူငယ်များနှင့် ဝန်ကြီးဌာန ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အလှူရှင် ILDONG FOODIS Co,Ltd မှ Chief Executive Officer Mr. Tae Win Kim မှ ကျေးဇူးတင်စကား ပြောကြားပြီး ဆိတ်နို့မှုန့်ဘူး (၈၈၈၀)ကို  ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးထံသို့ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များကိုယ်စား လက်ခံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)