ရန်ကုန် ၇ ဇူလိုင် 

 

အပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်အဖွဲ့အစည်းက စီစဉ်ကျင်းပသော လူငယ်အသံဖိုရမ် ၂၀၁၉ ကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖိုရမ်တွင် အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်(ရန်ကုန်)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နည်း ပညာတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများ အဓိကပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

လူငယ်အသံဖိုရမ်အစီအစဉ်သည် ၂၀၁၈ ခုနှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ၆ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ လူငယ့်အသံဖိုရမ်ကို မန္တလေးမြို့၌လည်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တိုက ကျန်းမာပျော်ရွှင်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ထူထောင်ချင်တဲ့သဘောပါ။  ကျွန်တော်တို့ နိုင်ငံမှာက ပွင့်လင်းလာတဲ့အခါမှာ အလုပ်တွေက ပိုများလာပြီ။ ပိုများလာတဲ့အခါ မှာ စိတ်ဖိစီးမှုများလာ တယ်။ လူငယ်တွေအနေနဲ့ ကျောင်းမှာကတည်းက ဒီကိစ္စရပ်ကို ပြင်ဆင်ထားတဲ့အခါ ကျတော့ နောက်ပိုင်း လုပ်ငန်းခွင်ရောက်တဲ့အခါမှာ အောင်မြင်မယ်။ အဲဒီလို လုပ်ငန်းခွင်မှာ အောင်မြင်ခြင်း ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံကို ပြန်ပြီးအကျိုးပြုပါတယ်” ဟု လူငယ်အသံဖိုရမ်ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်သူ ကိုမင်းမြင့် မော်က ပြောကြားသည်။

 

လူငယ်အသံဖိုရမ် ၂၀၁၉ တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများပါဝင်မည်ဖြစ်ပြီး ရန်ကုန် မြို့တွင် ကျင်းပမည့်ဖိုရမ်၌ ဒေါက်တာဖြိုးသီဟ၊ ကိုအောင်ခန့်၊ မသန္တလှိုင်နှင့် ကိုရီးယားနိုင်ငံမှ မီးပြတိုက် လူမှုအဖွဲ့အစည်းထူထောင်သူတစ်ဦးဖြစ်သည့် Aya Terasawa တို့ ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး မန္တလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပမည့် ဖိုရမ်တွင် အကယ်ဒမီဆွေဇင်ထိုက်၊ ဒေါက်တာမျိုးထက်၊ Parami Institute Founder Dr Kyaw Moe Tun ၊ မန္တလေးလူငယ်စွန့်ဦးတီထွင်သူများအသင်းမှ ဇင်ဇင်ခိုင် တို့ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း