မြိတ် ၇ ဇွန် 


လူငယ်များအကြား မူးယစ်ဆေးဝါး စိမ့်ဝင်ပျံ့နှံ့မှုကို စုပေါင်းလက်တွဲကာ ထိန်းချုပ်ဟန့်တား ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အထက(၈) မြိတ် (တောရကျောင်း)တွင် “လူငယ်နှင့် မူးယစ် ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြိတ်မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် အဆိုပါ ပြည်သူ့စကားဝိုင်းတွင် မြိတ်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ရှိန်က အဖွင့်အမှာစကား ပြောကြားကာ မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးက ယနေ့ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်၏ စိန်ခေါ်မှုကို တိုက်ဖျက်နိုင်ရေးအတွက် ပြည်သူ့စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

 

1


ထို့နောက် မြိတ်ခရိုင်ပြန်/ဆက်မှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင်၊ မြိတ်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ရှိန်၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်၊ မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်၊ အမှတ်(၃၅) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်နေဝင်းဌေး၊ အထက(၈)မြိတ် (တောရကျောင်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာလင်းနှင့် ကျောင်းသား ကျောင်းသူများ မျက်နှာစုံညီ စုပေါင်းကာ လက်ရှိကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ ဒေသအတွင်း အများဆုံးဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမျိုးအစားများနှင့် မူးယစ်ဆေးဝါး မှုခင်းဖြစ်စဉ်များ၊ ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါး စိမ့်ဝင်ပျံ့နှံ့နိုင်သည့် အခြေအနေများ၊ အရေးတကြီး တားဆီးထိန်းချုပ်နှိမ်နင်းရေး စုပေါင်း ဆောင်ရွက်ရမည့် အခြေအနေများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အချိတ်အဆက်မိမိ စုပေါင်းလက်တွဲ တိုက်ဖျက်ရမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြခဲ့သည်။


ဆက်လက်ပြီး တက်ရောက်လာကြသည့် ကျောင်းသားလူငယ်များမှ ဒေသအတွင်း သို့ မူးယစ်ဆေးဝါး ရောက်ရှိလာမှု အခြေအနေ၊ မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချမှုမျိုးရှိပါက သိရှိနိုင်သည့် လက္ခဏာများနှင့် သက်ဆိုင်ရာနှင့် ချိတ်ဆက်သတင်းပို့ တားဆီးနိုင်သည့် ဖုန်းနံပါတ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့်ပုဒ်မများ၊ ပြစ်ဒဏ်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ဌာနအသီးသီးမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး မြိတ်ခရိုင်ပြန်/ဆက်ဝန်ထမ်းများက မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

 
ဇော်မျိုးနိုင် (မြိတ်ခရိုင် ပြန်/ဆက်)

 

1