နေပြည်တော်၊ ဒီဇင်ဘာ   ၂၁

 

လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ဒုတိယနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည်  MRTV-4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲ သရုပ်ဆောင်များ ဦးဆောင်၍ “လူငယ်နှင့် အကောင်းမြင်စိတ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆွေးနွေးနေမှုကို တက်ရောက်ကြည့်ရှုအားပေးပြီး ဦးဆောင်ဆွေးနွေးပေးခဲ့ကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် MRTV-4 ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲ သရုပ်ဆောင်များက စာပေလေ့လာဖတ်ရှုခြင်းဖြင့်  ရရှိမည့်အကျိုးကျေးဇူးများ၊ စာပေနှင့် အနုပညာ ကဏ္ဍမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုအခြေအနေ၊ လူငယ်ဘဝတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ လူငယ်ဘဝမှ စတင်၍ အကောင်းမြင်စိတ် မွေးမြူခြင်းအားဖြင့်  အောင်မြင်မှုရရှိစေမည့်အခြေအနေများ၊  တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့်  ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားအားထုတ်ရမည့်  အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ကျောင်းသား ကျောင်းသူများနှင့် လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါဆွေးနွေးပွဲတွင် လူငယ်များ ဗဟုသုတရဖွယ် အကြောင်းအရာများနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်ကောင်းများလည်း ပါဝင်သည့်အတွက် ကျောင်းသား၊ လူငယ်များအပြင် စိတ်ဝင်စားသည့် ပြည်သူများဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် စည်ကားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံးမှ အနုပညာရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီး၊ ချစ်စံ၊ ကျော်ထက်နှင့် အငြိမ့ မင်းသမီး နေခြည်ငြိမ်းချမ်းတို့က ပွဲတော်လာ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်မှု ရှိစေရန်အတွက် “ရွှေမြန်မာ”အငြိမ့်ဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် လူငယ်နှင့် စာပေ အနုပညာပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးသည် ပွဲတော်အတွင်း ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားသည့် ပြခန်း၊ ပြကွက်များ၊ ကျောင်းသား၊ လူငယ်များစာပေနှင့်ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန် စာအုပ်၊ စာစောင် ခင်းကျင်းပြသထားမှုများ၊ စိတ်ဝင်စား ပျော်ရွှင်ဖွယ် စီစဉ်ဆောင်ရွက်ပေးထားသည့် ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ ကစားနည်းများတွင် ပွဲတော်လာပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြမှုများနှင့် ပွဲတော်လာပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးဆောင်နိုင်ရန် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

သတင်းစဉ်

 

mdn