နေပြည်တော် ဇူလိုင် ၂၂
ကျောင်းသား/ကျောင်းသူလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၁၆၅)ဦးတို့ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓါတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန် အတွက် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ "လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ ဂုဏ်ရောင် အလင်းဆောင်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်း လူရည်ချွန် လေးများ၊ ခေါင်းဆောင် ကောင်းများဖြစ်အောင် ကြိုးစား ကြရန်လိုကြောင်း တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးနှင့် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက "လူငယ်နှင့် ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့် လူငယ်များကို ဟောပြောပို့ချ ခဲ့ကြသည်။
ထို့နောက် ဇေယျာသီရိမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်း သူလေးများမှ Physical Fitness Dance သရုပ်ပြခဲ့ကြပြီးနောက် နေပြည်တော်ခြင်းလုံး ဆပ်ကော်မတီခြင်းလုံးအဖွဲ့မှ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဖြင့် သရုပ်ပြကစားခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်က သရုပ်ပြအဖွဲ့များ ကို တစ်ဖွဲ့လျှင် ကျပ်(၅)သောင်းစီကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများကို လူငယ်ရေးရာ ဦးစီးဌာန၏ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)