နေပြည်တော်၊ ဇူလိုင် ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန ကကြီးမှူး၍ “လူငယ်သင်တန်းကျောင်းများ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်တွင် ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ လူငယ်နှင့် အမျိုးသမီးသင်တန်း ကျောင်း(၁၄) ကျောင်းမှ ကျောင်းအုပ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ (က) နှင့် (ခ) တို့အရ သင်တန်းကျောင်းများ၊ ယာယီစောင့်ရှောက်ရေးဂေဟာ များကို ဖွင့်လှစ်၍ သက်ဆိုင်ရာ တရားရုံးများမှ အမိန့်ချမှတ်ပြီးသော ပြစ်ဒဏ်ကျ ကလေးသူငယ် များ၊ အမှုရင်ဆိုင်ဆဲ ရမန်ကလေး သူငယ်များ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး သူငယ်များကို လက်ခံစောင့်ရှောက် လျက်ရှိ ပါကြောင်း။
သင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ် ရခြင်းသည် ကုန်ကျစရိတ်များပြီး နိုင်ငံတကာတွင် နောက်ဆုံးနည်းလမ်းအနေဖြင့်သာ ရွေးချယ် ဆောင်ရွက်သောနည်းလမ်းဖြစ်ပါသဖြင့် ကလေးသူငယ် ဖြစ်ရပ်များအပေါ်မူတည်၍ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း(Alternative Care)၊ အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း(Diversion) နည်းလမ်းတို့ကို တိုက်တွန်းအားပေးရမည်ဖြစ်ပါကြောင်း၊ လက်ရှိစောင့်ရှောက်ထားရှိသော ကလေး သူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားနှင့် ရပ်ရွာလူ့ အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင် ခြင်းဖြင့် မလိုလားအပ်သော ပြစ်မှုထပ်မံကျူးလွန်ခြင်းမျိုးမှ ကာကွယ်နိုင် ပါသဖြင့် လူငယ်သင်တန်းကျောင်းများ၏ ဆောင်ရွက်မှုများကို ပွင့်ပွင့်လင်းလင်းသုံးသပ် ဆွေးနွေးခြင်းသည် ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ၍ လူငယ်သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို စဉ်ဆက်မပြတ် အလေးထားဂရုပြုဆောင်ရွက်ခြင်းဖြင့် စောင့်ရှောက်ထားရှိသူများနှင့် ပြုစု စောင့်ရှောက်သူ ဝန်ထမ်းများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းသာမက နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကပံ့ပိုးပေးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပင်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်မှ၁၅ ရက်အထိ (၂) ရက်တာကာလအတွင်း သင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက် များအပေါ် သုံးသပ်ဆွေးနွေးရန်အတွက် အုပ်စုငယ်များခွဲ၍ သင်တန်း ကျောင်းများတွင် လက်ရှိကြုံတွေ့ နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုကို ဆွေးနွေးပြီး ဆွေးနွေးပွဲရလာဒ်များ အပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက ကျောင်းအုပ်များက တက်ကြွစွာ ဝိုင်းဝန်းဆွေး နွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)