နေပြည်တော်၊ မတ် ၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပသည်။
ဖွင့်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးချုပ် ရဲနိုင်မျိုး (ငြိမ်း) နှင့် တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် "နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအား စုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး"စသည့် ဦးတည်ချက်များချမှတ်၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချ ပေးခဲ့သည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့နယ်ပယ်တွင် အသုံးချ၍ အတွေ့အကြုံများဖြင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန်နှင့် မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို တစ်ပါး သူအား ပြန်လည်မျှဝေပေးနိုင်ရန် ကြိုးစားသင်ယူပြီး ကျရာကဏ္ဍများတွင် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
သင်တန်းကို မတ် ၃ ရက် မှ ၇ ရက် ထိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံး၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမ ဒေါ်နန်းကေခိုင်မြတ်ထွန်းနှင့် ဒေါ်ခိုင်ခိုင်မော်တို့က သင်တန်းသား ၃၀ တို့ကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်