မင်းတပ် ၁၀ ဇူလိုင်
ချင်းပြည်နယ် မင်းတပ်ခရိုင်အတွင်း လူဦးရေအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း ခရိုင်ပြန်/ဆက် မှ သိရသည်။
အခမ်းအနားတွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ဒေါ်ဆုရည်ဖြိုးက လုပ်ငန်းစီမံချက်အားအပိုင်း လေးပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်း၍ ဇွန်လမှ သြဂုတ်လအထိ (၃) လတာ ကာလအတွင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ဇွန်လမှ စက်တင်ဘာ လအထိ (၄) လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီး ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြင်ဆင် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သင့်လျော်သည့်ကာလ သတ်မှတ် ပေးသည့်ရက်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ရှင်းလင်း သည်။
ထို့နောက် ခရိုင်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးစောနိုင် က ထပ်မံဖြည့်စွက်ရှင်းလင်းပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဌ ဦးမောင်ထူး၊ ခရိုင်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှူး ဦးစောနိုင်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ဒေါ်ဆုရည်ဖြိုးတို့က ပြန်လည်ဖြေကြား ဆွေးနွေးကြကြောင်း သိရသည်။
MDN


