ပွင့်ဖြူ ၃၀ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်စန်းမြင့် က ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ကြိုတင်၍ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုနိုင်ရေး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က လူဦးရေစာရင်းများ ကောက်ယူပြုစုခြင်း၊ အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၂) မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးမျိုးမြင့်အောင် က စံနှုန်းသတ်မှတ်ခြင်းများ၊ ယာယီ အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးစီးအရာရှိ ဒေါ်သဉ္ဇာစိုး က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုရမည့်ပုံစံများ၊ အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ရွေးကောက်ပွဲအတွက် လူဦးရေးစာရင်းအချက်အလက်များ ကောက်ယူရေးလုပ်ငန်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုထားရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ တက်ရောက်ခဲ့ကြောင်း သိရပြီး သင်တန်းအား ဇွန် ၃၀ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


