နေပြည်တော် ဇွန် ၁၅
၂၀၂၄ ခုနှစ်၊ ဇွန် (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်းဆက်ကပ်ပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပျဉ်းမနားမြို့ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေ၍ ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ 
နံနက် (၉) နာရီတွင် အခမ်းအနား ဒုတိယပိုင်းကို ဝန်ကြီးဌာနစုံညီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တစ်နှစ်တာကာလ တာဝန်ထမ်းဆောင်ရာတွင် ပင်ပန်းမှုများပြေပျောက်ပြီး ရှေ့ဆက်မည့် အနာဂတ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ အားသစ်အင်သစ်များဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ဌာန၏မွေးနေ့၊ နှစ်ပတ်လည်နေ့ကို သတိတရဖြင့် အလေးအမြတ်ပြု ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနဝန်ထမ်းများသည် သစ္စာတရားကိုလက်ကိုင်ပြု၍ ကိုယ်ချင်းစာစိတ်ထားနှင့်ယှဉ်ကာ အားလုံးအပေါ် မေတ္တာတရားဖြင့်လွှမ်းခြုံပြီး နိုင်ငံနှင့်ပြည်သူက အားကိုးယုံကြည်သည့် နိုင်ငံ၏ရွှေတံခါးမှူးများအဖြစ် ဌာန၏ရည် မှန်းချက်တာဝန်များကို စည်းလုံးညီညွတ်မှုအား၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကျရာကဏ္ဍက ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။ 
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိကြသူများကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၀၇) တွင် ထူးချွန်စံပြဆုရရှိခဲ့သည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နှင်းချယ်ရီထက်ကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဌေးလှိုင်တို့က Man of the year အဖြစ် တစ်ဆင့်မြင့်ရာထူးဖြစ်သည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးအဆင့် အပ်နှင်းတပ်ဆင်ပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ 
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့တွင် ဖွင့်လှစ်ခဲ့သည့်သင်တန်းများ၌ ထူးချွန်ဆုရရှိကြသူများကို ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၅) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး အပါအဝင် ဂုဏ်ထူးရရှိသူ ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၏ ဇနီးနှင့် တာဝန်ရှိသူများက လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ 
ထို့နောက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများထံ ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်ပြုဆုရရှိကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီး ဝန်ထမ်းများအား ကံစမ်းမဲဖောက်ခြင်း၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဆောင်ရွက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်