ထီးလင်း ၁၄ ဩဂုတ်
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျင်းကျေးရွာအနီး ပင်ထောင်ချောင်းကို အမှီပြု၍ ဆောက်လုပ်ထားသည့် တောင်အိုဆည်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၆ သန်းဖြင့် ဂန့်ဂေါခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနက သံခြင်းကျောက်ဖြည့် ရေလွှဲဆည်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့မှ စတင်အကောင်အထည်ဖော် ပြုပြင်တည်ဆောက်ခဲ့ရာ ယခုအခါဆည်တည်ဆောက်မှုမှာ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တောင်အိုဆည်သည် ယခင်က ကျေးရွာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သစ်ခက်လက်ရိုက် ဆည်အဖြစ်သာ ဆောက်လုပ်နိုင်ခဲ့ရာ မိုးရာသီကာလ ချောင်းရေကြီး ရေလျှံရေတိုက်စားမှုကြောင့် နှစ်စဉ် ပျက်စီးလေ့ရှိပြီး ယခုအခါတွင် သံခြင်းကျောက်ဖြည့်ရေလွှဲဆည်အဖြစ် အဆင့်မြှင့် ပြုပြင်ခြင်းဖြင့် သစ်တောပြုန်းတီးခြင်းမှ ကာကွယ်ပေးခြင်း၊ နှစ်စဉ်ပြုပြင်ရသည့် ကုန်ကျစရိတ် သက်သာခြင်းတို့အပြင် ရာသီမရွေး စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်အိုဆည်သည် တူးမြောင်းလိုင်နင် အလျား ၂၃၈ ပေ၊ ရေလွှဲဆည်အလျား ပေ ၁၀ဝ ၊ ရေလွှဲထိပ် အကျယ် ၅ ပေ နှင့် ရေလွှဲဆည်အမြင့် ၉ ပေ ရှိပြီး မူလအကျိုးပြု လယ်မြေ ဧက ၁၁၀ အပြင် ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်မည့် လယ်မြေဧက ၁၃၀ ၊ စုစုပေါင်း လယ်မြေဧက ၂၄၀ ကို စိုက်ပျိုးရေ ရရှိနိုင်မည် ဖြစ်ကာ ကျေးရွာရှိ အိမ်ခြေ ၂၆၀ နှင့် လူဦးရေ ၁၀ဝ၀ ခန့်အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)