နေပြည်တော် နိုဝင်ဘာ ၂၃

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်း စပါးမျိုးလိုင်းများ မျိုးရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။

 

အဆိုပါ မျိုးရွေးချယ်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေး ရွေးချယ်ပြီး တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများနှင့်အတူ တောင်သူ များ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ အပင်သက်တမ်းအလိုက် တန်ဖိုးရှိ သည့် မျိုးလိုင်းများမှ သန့်စင်ရွေးထုတ်ခြင်း လုပ်ငန်းနှင့်အတူ မျိုးစေ့ထုတ်လုပ်မှု ဆိုင်ရာလုပ် ငန်းစဉ် ကွင်းဆက်တစ်လျှောက်ကို တောင်သူများကိုယ်တိုင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ သီးနှံများ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သကဲ့သို့ သီးနှံမျိုးကောင်း မျိုးသန့်မျိုးစေ့ များ ထုတ်လုပ်ခြင်းကိုလည်း တောင်သူများ စီးပွားဖြစ် ဆောင်ရွက်လာရန်လိုကြောင်း၊ သို့မှသာ ဒေသအလိုက် မျိုးကောင်းမျိုးသန့်လွှမ်းခြုံမှု အားကောင်းလာပြီး သီးနှံအ ရည်အသွေးနှင့် အထွက်နှုန်းမြင့်မားသော လယ်ယာအကျိုးစီးပွားကို တောင်သူအားလုံး ရရှိနိုင်ကြမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဆင့်မြင့်သုတေသနဗဟိုဌာန ပါမောက္ခနှင့် ဆရာ ဆရာမ များ၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး စပါးအပါအဝင် သီးနှံများ၏ အထွက်နှုန်း မြင့်မားစေရေးအတွက် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်တွင် တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ရေးသည် ပဓာနကျကြောင်း၊ ရေရှည် တည်တံ့ သော ပူးပေါင်းပါဝင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့တွင် လယ်သမား များ ပါဝင်သော သုတေ သနလုပ်ငန်းများ(Farmer participatory research)၊ ပူးပေါင်း ပါဝင်သော မျိုးမွေးမြူ ရေးလုပ်ငန်းများနှင့် မျိုးရွေးချယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် မှန်ကန်သော စုဖွဲ့မှုပြုလုပ်နိုင်ရေးကို ရှေ့လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားရန် ဆွေးနွေးမှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)