လယ်ဝေး ၂၄ ဩဂုတ်
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မဒန်းရေလှောင်တမံစီမံကိန်း တူးမြောင်းဖောက်လုပ်မည့် လယ်ယာမြေများအတွက် သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးတို့က သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေး ပေးအပ်ခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅) ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုနှင့် နစ်နာကြေး၊ လျော်ကြေးငွေများပေးချေရန် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က မဒန်းတူးမြောင်း ဖောက်လုပ်ရာတွင် ပါဝင်သည့် ကြို့ကုန်းကျေးရွာအုပ်စုနှင့် ရှားချောင်းကျေးရွာအုပ်စုများအတွက်လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ရွှေပြည်အေး ကျေးရွာအုပ်စု၊ ကူသပိတ်ကျေးရွာအုပ်စုနှင့် သဲကောကျေးရွာအုပ်စုများအတွက် လည်းကောင်း၊ သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးငွေများအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်သည်။ ဆက်လက်၍ လယ်ဝေးမြို့နယ် မဒန်းရေလှောင်တမံစီမံကိန်း တူးမြောင်းဖောက်လုပ်မည့် ဧရိယာတွင်ပါဝင်သည့် ကျေးရွာအုပ်စု (၅) အုပ်စုမှ တောင်သူ (၁၆၇) ဦး၏ လယ်ယာမြေ (၉၄.၄၇) ဧကအတွက် သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးငွေ စုစုပေါင်းကျပ်သိန်း (၃၆၆၂ ဒသမ ဝ၁၈)အား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်သူတစ်ဦးချင်းစီသို့ လက်ဝယ်ပေးအပ်ခဲ့သည်။ စီမံကိန်းဧရိယာတွင် ပါဝင်သည့် လယ်ယာမြေများအတွက် သီးနှံနစ်နာကြေးနှင့် လယ်ယာမြေ လျော်ကြေးများပေးအပ်ပြီး လယ်ဝေးမြို့နယ်အတွင်းရှိ မဒန်းရေလှောင်တမံ စီမံကိန်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကာ ဆည်ရေရရှိပါက ဒေသခံတောင်သူများအနေဖြင့် နွေစပါးနှင့်မိုးစပါးများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)


