လယ်ဝေးမြို့နယ်၊ ရန်ကင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ဒုတိယအကြိမ် ထုတ်ချေး

လယ်ဝေး ဒီဇင်ဘာလ ၇ 

 

လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ဒုတိယအကြိမ် ထုတ်ချေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၆ရက်က ရန်ကင်းကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရ က ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင် အသင်းသူ/အသင်းသားများ၊ ကျေးရွာ စီမံကိန်း လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည် ဖော်ဆောက်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလ သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက ရန်ကင်း ကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် မြေပဲနှင့် အခြားဆီထွက်သီးနှံ စိုက်ပျိုးမည့် အသင်းသူ၊ အသင်းသား (၅၁)ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၁၀ ဒသမ ၂၈)သန်းအား အသင်းသူ/သားတစ်ဦးချင်း လက်ဝယ်အရောက် အတိုးနှုန်း သက်သာစွာဖြင့်ထုတ်ချေးပေးခဲ့သည်။

 

 လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရန်ကင်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများ မြေပဲ၊ နေကြာ (အဓိက) အပါအဝင် အခြားဆီထွက်သီးနှံများ စိုက်ပျိုးသည့် တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာ ချေးငွေများ(အရင်းမပျောက်မတည်ရန်ပုံငွေများ)ပံ့ပိုးပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။

 

မောင်ခိုင်