နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးစိုက်ပျိုးသည့်တောင်သူများအား သွင်းအားစုများ ပေးအပ်ခြင်းနှင့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စုရှိ အဆင့်မြင့် လယ်ယာမြေဧက ၂၀၀ ရှင်းလင်းဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်နှင့် လယ်ဝေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း မြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မား လာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးကို လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများက တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် နွေစပါးစီမံကိန်း ဆောင်ရွက်ထားရှိမှု၊ ဆည်ရေသိုလှောင် ထားရှိမှုနှင့် နွေစပါးနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေမည့် အခြေအနေ၊ နွေစပါးကောက်စိုက် စက်ဖြင့် စိုက်ပျိုးမည့်အခြေအနေနှင့် ဇာမဏီကုမ္ပဏီ တာဝန်ခံက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုများ ဖြန့်ဖြူးမည့်အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက နွေစပါးစိုက်ပျိုးမည့် တောင်သူများထံ စပါးမျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ပေးအပ်ကြပြီး တက်ရောက်လာသူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၈၂၆) တောင်သူ ဦးတင်ငွေ၏ နွေစပါးစိုက်ခင်းနှစ်ဧကတွင် နွေစပါးနှံကောက်ထွန်းမျိုးကို ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှု၊ တောင်သူ ဦးမင်းမင်း၏ နွေစပါး စိုက်ခင်း တစ်ဧကတွင် နွေစပါးနှံ ကောက်ထွန်းမျိုးကို လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှု၊ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ဘက်စုံသုံး ခန်းမ၌ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွန်ပျူတာအခြေခံ သင်တန်းဖွင့် လှစ်သင်ကြားပို့ချနေမှု၊ သော်မှော်ကုန်းကျေးရွာလမ်း ကွန်ကရစ်လမ်းခင်းကျင်းဆောင် ရွက်ပြီးစီးမှု၊ မှော်ကျွန်းသာစာကြည့်တိုက်တွင် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လေ့လာနိုင်ရန်အတွက် e Library စနစ် ဆောင်ရွက်ထားရှိမှုနှင့် လယ်ဝေး မြို့နယ် ကြို့ဇလုပ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လယ်ယာမြေ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)