ရေစကြို ၃၀ မေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားရှိ မြေစွန်း-မြေတော် ကျေးရွာကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား စီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် လျှင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေးနိုင်မည့် ဆိပ်ခံသွားလမ်း အပါအဝင် အထောက်အကူပြုလမ်းများ၊ ခေတ်မီစက်မှုလယ်ယာအတွင်းရှိလမ်းများ၊ ရေကျော်၊ မြောင်းကူးတံတား နှင့် ဆိပ်ခံတံတားများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်မှ စတင်၍ ကျေးလက်ကုန်ထုတ်လမ်းအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။
ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိုးက “မြေစွန်း- ကိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဟာ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ကျွန်းပေါ်တွင်တည်ရှိ ပါတယ်။ လမ်းအရှည် နှစ်မိုင် လေးဖာလုံ အကျယ် ၁၂ ပေ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၇၂ ဒသမ ၆၈ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာ များစုဖွဲ့ကာ ကျေးရွာလမ်းကော်မတီဝင်များနှင့်ပူးပေါင်း၍ ဇွန်လကုန်အပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ ပြောပြသည်။
အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာပေါင်း(၁၂)ရွာ၊ အိမ်ခြေ(၂၀၁၄)၊ လူဦးရေ (၉၃၇၇)ဦး၏ လယ်မြေ (၂၁၁၆)ဧက ၊ ကိုင်းမြေ (၃၂၄၇)ဧကများမှ ထွက်ရှိသော အဓိက သီးနှံများဖြစ်သည့် စီပီပြောင်း၊ နေကြာ၊ ကုလားပဲ၊ မြေပဲနှင့် အခြားပဲမျိုးစုံတို့ကို မန္တလေး၊ ပခုက္ကူ၊ ရေစကြို၊ မုံရွာဈေးကွက်များသို့ ရာသီမရွေး လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)