နေပြည်တော်၊ နိုဝင်ဘာ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဓိကရိက္ခာ အသားကဏ္ဍ ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံသာကျေးရွာရှိ Join Global Myanmar Co.,Ltd ၏ အသားစားမျိုးကြက် အကောင်ရေ (၁၆၀၀၀) မွေးမြူ၍ အသားစားကြက်မျိုးဥများ ထုတ်လုပ် ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
အလားတူ တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန်ရှိ ပုဂ္ဂလိက အသားစား ကြက်ခြံတွင် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာ အသင်းအဖွဲ့များ လုပ်ငန်းရှင်များ အားလုံးပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးပြီး ပုဂ္ဂလိကမွေးမြူရေးခြံတွင် မွေးမြူထားသော အသားစားကြက်ကောင်ရေ (၃၄၀၀၀) မွေးမြူထားရှိမှုကို လည်းကောင်း၊ အောင်ချမ်းသာ နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွား မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပျဉ်းမနားသကြားစက်ရုံ သို့ရောက်ရှိပြီး ၂၀၂၃ - ၂၀၂၄ ကြံရာသီ ကြိတ်ခွဲနိုင်ရေး ကြိုတင်ဆောင်ရွက်နေမှုများနှင့် ပျဉ်းမနားမြို့ ကြံသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ၏ တစ်သျှူးမျိုးပွားခြင်းလုပ်ငန်းများ၊ မျိုးပွားစိုက်ခင်း (၃၈) ဧကတွင် ကြံမျိုးပွားစိုက်ပျိုး ထားရှိမှု၊ တောင်သူ နည်းပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုများ ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား) ၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းသားအသစ်များ ကျောင်းဝင်ခွင့် လျှောက်ထားမှု၊ ရွေးချယ်မှုနှင့် ကျောင်းသား၊ ကျောင်းသူများရောက်ရှိမှု၊ ကျောင်းတွင်း သာယာလှပရေးနှင့် ကျောင်းတွင်းစားသောက်ဆိုင် တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်