နေပြည်တော် အောက်တိုဘာ ၂၃

 

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ချမှတ်ခဲ့သောဆုံးဖြတ်ချက်(၈)ရပ်အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းကော်မတီများက သက်ဆိုင်ရာဒေသနှင့် ဆီလျော်မည့် လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) အစည်းအဝေးများ ကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးရလဒ်များကို ပြည်ထောင်စုအဆင့် လုပ်ငန်း ကော်မတီမှတစ်ဆင့် ဦးစီးကော်မတီသို့ တင်ပြခဲ့ကြကြောင်း၊ တင်ပြချက်များအရ တိုင်း ဒေသကြီး၊ ပြည်နယ်များ၏ တင်ပြချက်များတွင် တူညီသည့်အချက်အလက်များ ပါရှိသကဲ့သို့ ဒေသတစ်ခုချင်း အခြေအနေများအရ မတူညီသော အချက်အလက်များ ပါဝင်သည်ကို တွေ့ရှိ ရပါကြောင်း။

 

ယခင်ကျူးလွန် အသုံးပြုခဲ့မှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်ထပ်မံ၍ ကျူးလွန်မှုများ မဖြစ်ပွားစေရေးအတွက်ကိုလည်း လယ်ယာမြေကို စည်းကမ်းဖောက်ဖျက် ကျူးလွန် အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန်ရှိသူများက လယ်ယာမြေ ဥပဒေအရ လည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရလည်းကောင်း၊ အခြားဆက်စပ်ဥပဒေများအရလည်းကောင်း တည်ဆဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်အရေးယူဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ထို့ပြင် ထိရောက်စွာဟန့်တားနိုင်မည့် ပစ်ဒဏ်မျိုးချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊

 

လယ်ယာမြေ ပိုင်ဆိုင် လုပ်ကိုင်နေသူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် အထူးလိုအပ်မှာ ဖြစ်ကြောင်း၊ လယ်ယာမြေ ဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေဝယ်ယူပြီး ခွင့်ပြုချက်မရှိဘဲ ကျူးလွန် ဖောက်ဖျက်ကာ အဆောက်အဦ ဆောက်လုပ်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်ကြောင်း၊ မြေယာ ဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများသဘောတရားများကို  ပြည်သူတိုင်း သိရှိနားလည်နေအောင် လေ့လာထား သင့်ပါကြောင်း၊

 

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီအနေဖြင့် (၁၄) ရက်သာကျန်ရှိတော့သည့်အတွက် SOP ရေးဆွဲခြင်း သတ်မှတ် တာဝန်ပေးထားသည့် ကာလအတွင်း လုပ်ငန်းများပြည်စုံပြီးမြောက်အောင်မြင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး - ၂ က SOP မူကြမ်းပါအချက်များ ကိုရှင်းလင်းတင်ပြရာ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက SOP မူကြမ်းတွင် ပါဝင်သင့်သည့် အကြောင်း အရာတစ်ချက်ချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 

လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေရွာမြေကဲ့သို့ အခိုင်အမာအဆောက်အဦများ ဆောက်လုပ် ခြင်းမျိုးသည် တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြု ဆောင်ရွက်နေ ခြင်းသာဖြစ်၍ အဆိုပါကိစ္စရပ်များအပေါ် ထိရောက်စွာထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမြေများ မလျော့ပါး စေရေးနှင့် တိုးပွားလာသောပြည်သူ လူထုအတွက် နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံ အလုပ်ရုံများအတွက် မြေနေရာ အသုံးပြုနိုင်ရေး တို့ကို အခြေခံ၍ အဆိုပါ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)