နေပြည်တော်၊ မေ ၁၂
    
လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျစီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာတွင် မြေအသုံးချမှုဆိုင်ရာ စာရင်းအချက်အလက်များ နှင့် ခိုင်မာမှန်ကန်သည့် လယ်ယာကဏ္ဍ ဆိုင်ရာ စာရင်းအင်းသတင်းအချက်အလက်စနစ် ထူထောင်ရေးလုပ်ငန်းများ ထိရောက် အောင်မြင်ရေးအတွက် ယင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့်  လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြေအနေကောင်းများ ဖန်တီး ပေးရန် လိုကြောင်း။ 
အခြားတစ်ဘက်တွင်လည်း မြေယာများကို ထိထိရောက်ရောက်အသုံးချနိုင်ရန် တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ခေတ်မီဒီဂျစ်တယ်နည်း ပညာကို စနစ်တကျ အသုံးပြုပြီး ပိုမိုတိကျ မှန်ကန်သည့် မြေကြီးမြေပုံများဖြစ်စေရေးနှင့်  သီးနှံ ထုတ်လုပ်မှု စာရင်းများ ဖြစ်စေရေး၊ လယ်ယာမြေတိုင်းတာရေး ၊ စီမံခန့်ခွဲမှု နှင့် စာရင်းအင်း စနစ်များ တိုးတက်ရေးဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။ 
     
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအတွက် မြေကြီးမြေပုံမှန် ကန်ရေး၊ စာရင်းဇယားများမှန်ကန်ရေး၊  မြန်မာနိုင်ငံ လယ်ယာကဏ္ဍမှ ထုတ်လုပ်မှုများကို စနစ်တကျမှတ်တမ်း ပြုစုရေး၊ မြေများကို စီမံခန့်ခွဲများသာမကပဲ  မြေအခွန်အခများရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနမှူး များက ဒေသအလိုက် စိုက်ပျိုးမြေအသုံးချနိုင်မှုအခြေအနေများ၊ သီးနှံခန့်မှန်းခြေ (Crop Forecast) လုပ်ငန်း နှင့် သီးနှံတိုင်းတာခြင်းလုပ်ငန်း (Crop Survey)ဆောင်ရွက် နေမှုဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
    
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့က နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်များချမှတ်ရေး၊ လယ်ယာမြေနှင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများကို အသုံးချသူများထံသို့ အချိန်မီ ရောက်ရှိစေရေး စီးပွားရေး တိုးတက်နှုန်း GDP မှန်ကန်စွာ တွက်ချက်နိုင်ရေး အတွက် အရေးပါသည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ တိကျ မှန်ကန်စွာ ထုတ်ပြန်တင်ပြနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ ဖြည့်စွက်ဆွေး နွေးမှာကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)