ဝါးခယ်မ ၂၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ စိုက်ပျိုးလယ်ယာ မြေများတွင် ကျရောက်နေသည့် ရွှေခရုနှင့်ဥမြုံများအား ကောက်ယူနှိမ်နင်းပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကကတိုက် ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိန်မောင်မြင့်၊ ပိုးမွှား တာဝန်ခံ ဦဝင်းစိုး၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုနိုင်တို့က စိုက်ပျိုးလယ်ယာမြေများ၌ ကျရောက်လျက်ရှိသည့် ရွှေခရုများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကျရောက်လျက်ရှိသော ရွှေခရုနှင့်ဥမြုံများအား ဖျက်ဆီးခြင်းလုပ်ငန်းများ၊ စိုက်ပျိုးသီးနှံများ၌ ကျရောက်တတ်သော ပိုးပွှားရောဂါများ၊ သီးနှံအထွက်တိုးစေရန် ဆောင်ရွက်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ရွှေခရုများမှာ စပါးပင်ကို အပင်ငယ်ချိန်တွင် ဖျက်ဆီးတတ်ပြီး ဥမြုံတစ်မြုံတွင် ဥပေါင်း ၉ဝ မှ ၆ဝဝ ခန့်အထိ ဥနိုင်ကြောင်း၊ တစ်လတွင် ဥပေါင်း ၁ဝဝဝ မှ ၁၂ဝဝ အထိဥနိုင်ကြောင်း၊ မြေကြီးထဲတွင် နှစ်ပေါင်း ရှည်ကြာစွာနေထိုင်ပြီး တောင်သူများ၏ စပါးခင်းများကို ဖျက်ဆီးသည့်အတွက် သီးနှံအထွက်နှုန်း ထိခိုက်နိုင်ကြောင်း၊ ရွှေခရုများကျရောက်ပါက ဥအဆင့်မှာပင် အပြတ်နှိမ်နင်းခြင်းမှာ ပိုမိုထိရောက်ကြောင်း သိရသည်။

ရွှေခရုနှင့် ဥမြုံများ ကောက်ယူနှိမ်နင်းခြင်း လုပ်ငန်းကို ကကတိုက်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ဆည်မြောင်း ကျေးရွာ၊ လေးအိမ်တန်းကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ စိုက်ပျိုးလယ်ယာမြေများတွင် မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံ တောင်သူလယ်သမားများက ဆောင်ရွက်ခဲ့ကြကြောင်း၊ ကောက်ယူဖျက်ဆီးခြင်းလုပ်ငန်းအား အလေ့အကျင့်ကောင်းအဖြစ် ဆောင်ရွက်နိုင်စေရန် အဆိုပါ ကျေးရွာများမှ တောင်သူလယ်သမားများအား ရွှေခရုနှင့်ဥမြုံများ ကောက်ယူရရှိမှု အနည်း/ အများ အလိုက် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ(ဝါးခယ်မ)