ရန်ကုန်  ၈   ဇူလိုင်  


ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန်၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ဈေးကွက်ဝင်စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင်သန်လျင်မြို့ရှိ စက်မှုလယ်ယာဦးစီးဌာနအမှတ်(၁၈)ထွန်စက်စခန်း၌ ကျင်းပသည်။


ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးတိုင်းဦးစီးမှူး ဦးသောင်းထိုက်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီးခရိုင်ဦးစီးမှူး ဦးကျော်ကျော်ဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက်သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး စက်ကိရိယာများအား ဆက်လက် ရှင်းလင်းပြသသည်။


အဆိုပါ သင်တန်းသို့ ကျေးလက်နေတောင်သူ ၃၀ အား နှစ်ပတ်ကြာစာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူများ အဆင်ပြေစေရန် လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျရောင်းချပေးခြင်း၊ နည်းပညာသင်တန်းများ ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သန်းဝင်း  (သန်လျင် )