နေပြည်တော် ၅ နိုဝင်ဘာ
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လယ်ယာထုတ် ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း (၁၀၀)လျှင် ကျပ် (၅၂၀,၀၀၀)နှုန်းအောက် မကျသောဈေးနှုန်းဖြင့် ဝယ်ယူရေး ဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါပုံစံဖြင့်နှင့် တင်ဒါစည်းကမ်းချက်များကို အောက်တိုဘာ ၁၄ ရက်မှ ၂၈ ရက်အထိ ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေ (၂၀) ဘီလီယံကို ထုတ်ယူ၍ စပါးဝယ်ယူရေး လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူထားသည့်ငွေကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် တစ်လုံးတစ်ခဲတည်း အပြီးသတ်ပြန်လည်ပေးသွင်းရမည်ဖြစ်၍ စပါးဝယ်ယူရေးဆောင်ရွက်ရာတွင် နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတိုင်းဒေသကြီး/ပြည်နယ်အတွင်း စပါးဝယ် ယူရေးအတွက် တင်ဒါဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ဆန်များပြန်လည်အပ်နှံရာတွင် လက်ခံနိုင်ရေးအတွက် သိုလှောင်ရုံများ ငှားရမ်းသုံးစွဲနိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် အခြေအနေများအား ဆွေးနွေးပေးကြရန်နှင့် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူရေး ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်မည့် အခက်အခဲများအပေါ် အစည်းအဝေးတက်ရောက်လာကြသော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာ့ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများလီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍ အလိုက်တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


