ချောက် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် စက်တင်ဘာ ၃၀ရက်မှ ယနေ့နံနက်ပိုင်းအချိန်ထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်းစီစဉ်မှုဖြင့် ချောက်မြို့နယ်အတွက် မြို့ခံဆီရောင်းဝယ်ရေးလုပ်ငန်းရှင် (၃)ဦး တို့က ဆီတစ်ပေပါလျှင် ဆီပိဿာချိန် ၁၁၀ ပါရှိသည့် စားအုန်းဆီ ပေပါ အလုံး ၁၃၀ ကို ဒေသခံပြည်သူတို့အား သင့်တင့်သောစျေးနှုန်းဖြင့် သုံးစွဲနိုင်ရန် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“ချောက်မြို့ဒေသခံပြည်သူများအား စက်တင်ဘာ ၃၀ ရက်မှစပြီး စတင်ရောင်းချပေးတာပါ။ စတင်ရောင်းချတဲ့နေ့က လူတစ်ယောက်လျှင် စားအုန်းဆီ ၅ ပိဿာထိ ၂ ရက်တိတိ ရောင်းချပေးပါတယ်။ အခုအနေ အထားအရတော့ မြို့ခံ ပြည်သူရော၊ ရွာက စျေးဝယ်သူတွေပါ ရရှိအောင် လူတစ်ဦးလျှင် ဆီ ၂ ပိဿာနှုန်း ရောင်းချသွားနေပြီဖြစ်ကြောင်း” ကြင် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်က ပြောပြခဲ့သည်။ “ဆီတွေကျန်ရှိနေပါသေးတယ်။ နယ်ကလူတွေ ရအောင်နောက်ရက်တွေစောင့်ပြီး ရောင်းပေးမှာဖြစ်ကြောင်း” ပခုက္ကူသားဆီရောင်းဝယ်ရေးကလည်း ပြောကြားခဲ့သည်။
ယနေ့အချိန်ထိ စားအုန်းဆီ ပိဿာပေါင်း ၁၄၃၀၀ ရောင်းချပေးပြီးကြောင်း၊ ဆက်လက်၍လည်း ကျန်ရှိနေသော စားအုန်းဆီများကို ဒေသခံပြည်သူများ သင့်တင့်သောစျေးနှုန်းဖြင့် သုံးစွဲနိုင်ရန်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)