မာန်အောင် ဧပြီ ၉
ရခိုင်ပြည်နယ် မာန်အောင်မြို့မှ ရေမိုင် ၆ မိုင်ခန့်အကွာတွင် ယနေ့နံနက်၇နာရီမိနစ် ၅၀ ခန့်က ဓနိတင်ဆောင်လာသည့် စက်လှေတစ်စီးနစ်မြုပ်ခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ တောင်ကုတ်မြို့နယ် ပတင်းကျွန်းကျေးရွာမှ မာန်အောင်မြို့နယ် ချောင်းဝကျေးရွာသို့ ရေယာဉ်မောင်းဦးမင်းရွှေ(ခ) ရွှေလုံး ၄၃နှစ် မောင်းနှင်လာသည့်စက်လှေသည် အလျား ၄၂ပေ၊ အနံ၉ပေ၊ အမြင့် သုံးပေရှိပြီး၊ AMEC အမျိုးအစား မြင်းကောင်ရေ ၃၂ ကောင်တပ် စက်လှေတစ်စီးဖြစ်ကာ စက်လှေပေါ်တွင် ဓနိအချပ်ရေ ၁၃၀၀၀ ခန့်နှင့် လူငါးဦးလိုက်ပါလာပြီး ယနေ့နံနက် ၄ နာရီခန့်က တောင်ကုတ်မြို့နယ် မကျည်းတောအမြန်ယာဉ် ဆိပ်ကမ်းမှ ထွက်ခွာ လာရာ မာန်အောင်မြို့နှင့် ရေမိုင် ခြောက်မိုင်ခန့်အကွာတွင် စက်လှေဝမ်းဗိုက်ပေါက်ထွက်၍ ရေဝင်လာပြီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစက်လှေနစ်မြုပ်စဉ် တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ ထွက်ခွာလာသောရွှေပြည်တန်နှင့် ရွှေလင်းယုန်အမြန် ယာဉ်တို့က တွေ့ရှိသဖြင့် ရွှေလင်းယုန်အမြန်ယာဉ်ဖြင့် သုံးဦး၊ ရွှေပြည်တန်အမြန်ယာဉ်ဖြင့်နှစ်ဦး သယ်ဆောင်လာခဲ့ကြောင်း သိရှိရပြီး စက်လှေပေါ်ပါရှိသည့်ဓနိအချပ်ရေ ၁၃၀၀၀ ခန့်အနက် ၃၀၀၀ ခန့်မှာ ပင်လယ်ထဲကျသွားသဖြင့် ရှုံးဆုံးခဲ့ကာ လူနှင့်ကျန် ဓနိအချပ်ရေ ၁၀၀၀၀ ခန့်မှာ ပျက်စီးရှုံးဆုံးမှုမရှိခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)