မာန်အောင် ဧပြီ ၁၇
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးကုသိနာရုံအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည် အပူဇော်ခံရာတွင် ကုသိနာရုံအဖွဲ့ဝင်များက မြို့မဘုန်းတော်ကြီးကျောင်းရှိ ကုသိနာရုံ ဓမ္မာရုံတွင် သီတင်းသုံးစံပယ်တော်မူသောနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်ပြီး ပြည်သူများ ပူဇော်နိုင်ရန် လှည့်လည်ရာ စေတနာရှင်၊ အလှူရှင်ပြည်သူများက လှူဒါန်းဖွယ်ရာများဖြင့် လှူဒါန်းပူဇော်ခဲ့ကြသည်။
မာန်အောင်မြို့တွင် နှစ်စဉ်နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဘေးဥပဒ်အန္တရာယ် ကင်းပျောက်စေရန်နှင့် ကောင်းမှုကုသိုလ်များ တိုးပွားနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် အပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)