နေပြည်တော် စက်တင်ဘာ ၁၄

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရန်၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ်အားကစားသမားများကို ပြိုင်ပွဲအတွေ့အကြုံများရရှိစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်  မြားပစ်အားကစားသမားများ လက်ရည်ဆန်းစစ်ခြင်း မြားပစ်ပြိုင်ပွဲကို  စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌  ကျင်းပသည်။

ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (Recurve) တတိယလုပွဲနှင့်  အမျိုးသား/အမျိုးသမီး (Compound) တတိယလုပွဲများ၊ အမျိုးသား/ အမျိုးသမီး (Compound) ဗိုလ်လုပွဲနှင့် အမျိုးသား/ အမျိုးသမီး (Recurve ) ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြသည်။ 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/ အမျိုးသမီး (Compound) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်ဇင်သူရိန်မှူး၊ ဒုတိယဆုရရှိ သည့် မစုစုလှိုင်နှင့် တတိယဆုရရှိသည့် မောင်မြင့်မြတ်ဗိုလ် တို့ကို  အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး(Recurve) တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မပြည့်စုံနှင်း၊ ဒုတိယဆုရရှိသည့် မောင်သီဟထက်ဇော်နှင့် တတိယဆု ရရှိသည့် မောင်ကောင်းခန့်မော် တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။    
  
အဆိုပါမြားပစ်ပြိုင်ပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်