နေပြည်တော်၊ နိုဝင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော် အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော် ဒုတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများ ဖြင့် အထူးစည်ကား များပြားခဲ့သည်။
ဉီးစွာ တာဝန်ရှိသူများက တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ဘူရားဖူးပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဘုရားမုခ်ဉီးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့် နေရာများ၊ မီးပုံးပျံလွှတ် တင်ပူဇော်မည့်နေရာများ၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်နေသည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက်လေ့လာနိုင်မည့်နေရာများကို အလွယ်တကူသွားရောက် နိုင်ရေးအတွက် လမ်းညွှန်ပြသပေးကြသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီး ကပ်လှူပူဇော်ခြင်း၊ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း မြတ်စွာဘုရားရှင်၏ တရားဓမ္မသံများ စိတ်ကြည်နူးဖွယ်ရာ ဖုံးလွှမ်းလျက်ရှိသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကာလအတွင်း ကုသိုလ်ထူးရရှိနိုင်ရေး အစီအစဉ်တစ်ခုအဖြစ် တန်ဆောင်မုန်း လပြည့်နေ့၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းမှ စတင်၍ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင်ကိုးစင်ဖြင့် မသိုးရွှေကြာသင်္ကန်းကို အားကြိုးမာန်တက် စတင်ရက်လုပ်နေကြရာ အဆိုပါရက်ကန်းရက်လုပ်နေမှု အဆင့်ဆင့်ကို အားပေးလေ့လာ ကြည့်ရှုကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း စည်ကားလျက်ရှိသည်။
ထို့ပြင် မြတ်စွာဘုရားရှင်အား မီးပုံးပျံများ လွှတ်တင်၍ပူဇော်ခြင်းကုသိုလ်ထူးကို ရရှိခံစားနိုင်စေရန် စီစဉ်ဆောင်ရွက်ထားရှိသည့်အတွက် မီးပုံးပျံမလွှတ်တင်မီ အစောပိုင်းကပင် ဘုရားပရဝုဏ်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး မီးပုံးပျံများလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့် အချိန်ရောက်ရှိသည့်အခါတွင် ဘုရားဝင်းအတွင်း သတ်မှတ်နေရာများအလိုက် မီးပုံးပျံအသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင် ပူဇော်ခြင်းတို့ဖြင့်လည်း နေပြည်တော်တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည့် အပြင် ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော် ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာ လက်ရာများကိုလည်း လာရောက်ကြသည့် ဘုရားဖူး လာပြည်သူများ တစ်နှစ်တွင် တစ်ကြိမ်သာ ကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ယှဉ်တွဲ၍ ဖူးမြော်ကြည်ညို လေ့လာနိုင်ကြ မည်ဖြစ်သည်။

အလားတူ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာ့ကြသည် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာ ပြည်သူများဖြင့်လည်း အထူးစည်ကား လျက်ရှိသည်။
ထို့အတူပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဉီးစီးဌာနတို့မှ အနုပညာရှင်များက မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကြူးရေးစပ်ထားသည့် တေးသီချင်း ကောင်းများဖြင့်လည်းကောင်း၊ သရုပ်ဖော်အကအလှများဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြရာ လာရောက်အားပေးနားဆင် ကြည့်ရှုသူများဖြင့် ကြိတ်ကြိတ် တိုးစည်ကားလျက်ရှိသည်။
ထို့ပြင် ဘုရားဖူးလာ ပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုး ဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များအား နှစ်သက်စွာဖြင့် ဝယ်ယူအားပေးကြသူများကိုလည်း တွေမြင်ရ သည်။

အလားတူ ဘုရားဖူးလာ ကလေးငယ်များအတွက်လည်း ကလေးကစားကွင်းထားရှိပေးထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ဘုရားပရဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာ ပြည်သူများ ကျန်းမာရေးကစ္စတစ်စုံ တစ်ရာဖြစ်ပေါ်လာပါက အရေးပေါ် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။
အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား နိုဝင်ဘာ ၂၇ ရက် တန်ဆောင်မုန်း လပြည့်နေ့တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်ည ၏ရသကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်ကြောင်း လည်းသိရှိရသည်။
သတင်း-မျိုးဆက်သစ်
ဓာတ်ပုံ- ထိန်အေး