ရန်ကုန် ၂၃  သြဂုတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင်အခြေပြု၍ ပြည်ပခရီးစဉ်များ ပြေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံသားပိုင်MAI လေကြောင်းလိုင်း၏ (၂၆) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပသည်။

ရှင်းလင်းပြောကြား

အခမ်းအနားတွင်MAI လေကြောင်း လိုင်း၏ Accountable Manager  ဖြစ်သူ Capt. ကျော်ဟန်က အဖွင့်အမှာစကား ပြောကြားပြီး Commercial Director  ဖြစ်သူ Mr. Tanes Kumer  က MAI လေကြောင်းလိုင်းနှင့် Air KBZ  လေကြောင်းလိုင်းက ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ Marketing Department  မှ ဒေါ်ဉာဏ်ဉာဏ်မျိုး က Air KBZ နှင့်MAI လေကြောင်းလိုင်း တို့၏ ဝက်ဘ်ဆိုက်အသစ်များ၊ လေကြောင်းဖြင့် ခရီးသွားလိုသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များအတွက် ဖုန်းမှတစ်ဆင့် လေယာဉ်လက်မှတ် ဝယ်ယူနိုင်သည့် Air KBZ နှင့် MAI Mobile App အကြောင်းတို့ကို ပြောကြားသည်။ ယင်းနောက်MAI နှင့် Air KBZ လေကြောင်းလိုင်း နှစ်ခုစလုံး၏ Brand Ambassador  အဖြစ် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်အား စက်တင်ဘာ ၁ ရက်မှစ၍ ခန့်အပ်တာဝန်ပေးခဲ့ရာ အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Ryan Zwel က ခန့်အပ်လွှာပေးအပ်ပြီး စိုင်းစိုင်းခမ်းလှိုင်က MAI နှင့် Air KBZ လေကြောင်းလိုင်းကို ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။ ထို့ပြင် သြဂုတ် ၂ ရက်က ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် Air KBZ  လေကြောင်းလိုင်း၏ နှစ်ပတ်လည်အခမ်း အနားတွင်၂၀၁၇ 2017 Model Ford ကားသစ် ကံထူးခဲ့သည့် မြစ်ကြီးနားမြို့မှ ဒေါ်သိန်း သိန်းဆွေအား အဆိုပါကားနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ခရီးစဉ်များ တိုးချဲ့ပြေးဆွဲ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း (MAI) သည် Safety  ပိုင်းတွင် အမြင့်ဆုံးဖြစ်သည့် 7 Rating  အဆင့်ရှိကြောင်း သတ်မှတ်ခံထားရသော လေကြောင်း လိုင်းတစ်ခုဖြစ်ကာ လေယာဉ်သစ်များ ထပ်မံဖြည့်တင်းရန် ဆောင်ရွက်လျက်ရှိသည်။MAI လေကြောင်းလိုင်းက ဝယ်ယူထားသည့် Airbus A320  လေယာဉ်တစ်စင်းမှာ စက်တင်ဘာလ ပထမပတ်တွင်လည်းကောင်း၊ Airbus A319 လေယာဉ်တစ်စင်းမှာ အောက်တိုဘာလ ပထမပတ်တွင်လည်းကောင်း ထပ်မံရောက်ရှိလာမည်ဖြစ်ရာ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့  ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း- ဖိုးသော်ဇင်၊ ဓာတ်ပုံ-ဘုန်းသော်

 

mdn