မန္တလေး ၂၃ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းများမှ ပြင်ဆင်ကန့်ကွက်တောင်းဆိုရန် လျှောက်ထားသူများအတွက် ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း လုပ်ငန်းများနှင့် ဒုတိယအကြိမ်အဖြစ် ထပ်မံကြေညာပေးမည့် မဲဆန္ဒရှင်စာရင်းများတွင် ပြည့်စုံမှန်ကန်မှုရှိစေရန် အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်မှုများအား ဩဂုတ် ၁၅ ရက်မှစတင်၍ လုပ်ဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

 

“ပထမအကြိမ်ကြေညာခဲ့တဲ့ မဲစာရင်းတွေထဲက ပြင်ဆင်ကန့်ကွက် တောင်းဆိုသူတွေအတွက် ပြန်လည်ဖြည့်စွက် ပြင်ဆင်နုတ်ပယ်မှုလုပ်ငန်းတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကျွန်တော်တို့ ကော်မရှင်က ဝန်ထမ်းတွေနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အခြားဌာနတွေက ကွန်ပျူတာကျွမ်းကျင်တဲ့ ဝန်ထမ်း ၅ ဦးစီနဲ့အတူ  ဩဂုတ်လကုန်မှာ အပြီးပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြန်လည်ဖြည့်စွက်ပြင်ဆင်ပြီးတဲ့ မဲစာရင်းတွေအရ ပြည့်စုံမှန်ကန်မှုရှိစေဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ကူညီမှုနဲ့ အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး လိုက်လံစိစစ်လျက်ရှိပါတယ်။ ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တဲ့ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ၁၄ ရက်ထပ်မံ ကြေညာပေးမယ့် မဲစာရင်းတွေကို လာရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ၎င်းကပြောသည်။

 

ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ ၄၅၇၈၈၁၃ ဦးရှိပြီး ၎င်းမဲစာရင်းများအား ပထမအကြိမ်အဖြစ် ကပ်ထားကြေညာခဲ့သည့် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ၂၁ ရက်တာကာလအတွင်း လာရောက်ကြည့်ရှုသူ ၁၄၃၉၄၁၆ ဦးရှိပြီး ၎င်းတို့အနက် ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၁၄၆၆၁၃ ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၃၄၈၉၈ ဦး ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ ၆၈၂၃၂ ဦး စုစုပေါင်း ၂၄၉၇၄၃ ဦးရှိကြောင်း သိရသည်။

 

အဆိုပါမဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ ၄၅၇၈၈၁၃ ဦးအနက် မသန်စွမ်းဦးရေမှာ အမျိုးသား ၄၂၈၂ ဦးနှင့် အမျိုးသမီး ၄၈၇၁ ဦး စုစုပေါင်း ၉၁၅၃ ဦး ပါဝင်နေပြီး မသန်စွမ်း မဲဆန္ဒရှင်အများဆုံးမှာ မြင်းခြံခရိုင်ဖြစ်ပြီး ရမည်းသင်းခရိုင်၌ မသန်စွမ်း မဲဆန္ဒရှင် ဦးရေအနည်းဆုံးဖြစ်ကြောင်းနှင့် မသန်စွမ်းအများဆုံးရှိသည့် မဲဆန္ဒနယ်မြေများတွင် စံပြမဲရုံများထားရှိရန် စီစဉ်ထားကြောင်း သိရသည်။

 

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါစာရင်းများအရ မဲရုံပေါင်း ၅၄၅၅ ရုံ ဖွင့်လှစ်ရန် လျာထားပြီး ပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)