မန္တလေး ၁၆ ဇူလိုင်
မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေညာနိုင်ရန်အတွက် မြို့နယ်နှင့် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၆ လမ်း၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြားရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဒေါက်တာကိုကိုကြီးက မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအကြောင်းနှင့် လုံခြုံရေး ဂရုပြုဆောင်ရွက်ရန် အကြောင်းတို့ကို ဆွေးနွေး ပြောကြားပြီး အတွင်းရေးမှူး ဒေါ်နှင်းနှင်းက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲစာရင်း အမှတ်စဉ် ထောက်ခံစာပေးခြင်းနှင့်ပတ်သက်သည့် ကိစ္စများအကြောင်း၊ မဲစာရင်းကပ်ထားစဉ် တာဝန်ချထားမှုအကြောင်းနှင့် မဲဆန္ဒနယ် ပြင်ပရောက် စာရင်းကောက်ယူခြင်းအကြောင်းတို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်သင်းက စည်းရုံးရေးကာလတွင် စည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များ အကြောင်းနှင့် ကြိုတင်မဲနှင့် ပတ်သက်သည့် ကိစ္စရပ်များ အကြောင်းကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် မြို့နယ်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ တက်ရောက်ကြသည်။
မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်နေ့ အထိ ၁၄ ရက်ကြာ နံနက် ၇ နာရီမှ ည ၉ နာရီထိ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


