နေပြည်တော်  စက်တင်ဘာ ၂၉

 

မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ  သင်္ဂဟဟိုတယ် ကျင်းပသည်။  

       

 သင်တန်းဆင်းပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျွမ်းကျင်ပညာရှင်များ၊ နည်းပြ ဆရာ/ဆရာမများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းတက်ရောက်သည့် ဝန်ထမ်းများ၊ နေပြည် တော်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ မဲခေါင်-လန်ချန်း ဒေသ မှ ကိုယ်စားလှယ်များသည် Virtual စနစ်ဖြင့် တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၅ ရက်ကြာကျင်းပခဲ့သည့်ယခု သင်တန်းကို မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ  MSME များ၊ MSME အသင်းအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများနှင့် မူဝါဒချမှတ်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန် ၊ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဆိုင်ရာ အလေ့အကျင့်များ၊ မူဝါဒ၊ ဒစ်ဂျစ် တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သည့် ထွန်းသစ်စဒစ်ဂျစ်တယ် စက်မှုလုပ်ငန်းသစ်များအကြောင်း ပိုမိုနားလည် လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် MSME များနောက် ကျကျန်ရစ်မှုမရှိစေရဟူသော မျှော်မှန်းချက်၊ ကတိကဝတ်များ နှင့်အညီ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန်လည်း ရည်ရွယ်ပါ ကြောင်း။   

 

ပရောဂျက်တစ်ခုလုံးအနေဖြင့် MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ ဝေဖန်ပိုင်းခြားတွေး ခေါ်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်များ တိုးမြင့်လာနိုင်ပြီး MSME များ၏ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုကို အရှိန်မြှင့်နိုင်မည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ချိတ်ဆက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ရည်မှန်းချက်(၂)ရပ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏၀င်ငွေကို တိုးမြင့်လာစေမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း နိုင်ငံများအကြား စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရန်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများအပေါ် အခြေခံ၍ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးတွင် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် လုပ်ဆောင်ရန်အားလုံးကို တိုက်တွန်းလိုကြောင်း၊ သင်တန်းသားများနှင့် ကျွမ်းကျင်သူများအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ဆက်သွယ်မှုကွန်ရက်ကို တည်ဆောက်ရန် တိုက်တွန်းလိုကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ ပြန်လည်အသုံးပြုရင်းပြန့်ပွားအောင် ဆက်လက် ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း အောင်လက်မှတ်များ ကိုသင်တန်းသား ကိုယ်စားလှယ် ထံပေးအပ်ပြီး သင်တန်းသားကိုယ်စားလှယ်နှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)