နေပြည်တော်၊ ဇန်နဝါရီ ၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဆောင်ရွက်လျက်ရှိ သည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း” ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲ ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) (၇) ဖွဲ့မှ တောင်သူကိုယ်စားလှယ်များ၊ သမဝါယမအသင်းများ၊ နေပြည်တော် ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်တို့မှ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲ ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌတို့က သိုလှောင်ထုပ်ပိုးခြင်းအလုပ်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ကမ္ဗည်းမော်ကွန်းကြေးပြားအား နံ့သာရည်ပက်ဖျန်းကြပြီး သိုလှောင်ထုပ်ပိုးခြင်း၊ လုပ်ငန်းသုံးပစ္စည်း ကိရိယာများနှင့် လက်တွေ့သရုပ်ပြသနေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ဆက်လက် ကျင်းပသည့် ရန်ပုံငွေနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်ခဲ့သည့် သိုလှောင် ထုတ်ပိုးခြင်း အလုပ်ရုံတွင် စီမံကိန်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အခြောက်ခံစက်၊ လေစုပ်အိတ်ပိတ် စက်၊ နှီးဖြာစက်၊ မျှစ်လှီးစက်များကိုထားရှိပြီး လုပ်ငန်းများလည်ပတ်နိုင်စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့စေရေးကို အလေးပေး စီမံထားခြင်းဖြစ်ပါကြောင်း၊ ယခုစီမံကိန်း အောင်မြင်မှုများမှတဆင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့်အဆင့်အထိ စဉ်ဆက်မပြတ်ပညာပေး မျှဝေသွားနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် စိတ်ဝင်စားမှုတူညီရာအဖွဲ့(CIGs) များနှင့် သမဝါယမအသင်းများသို့ မတည်ရန်ပုံငွေ နှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်၍ လက်ခံရရှိသည့် စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs)များနှင့် သမဝါယမအသင်းများအနေဖြင့် ယင်းလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို အကျိုးရှိစွာ အသုံးချသွားကြရန် တိုက်တွန်းပါကြောင်း၊
စီမံကိန်း အကျိုးသက်ရောက်မှုအနေဖြင့် နိုင်ငံတော်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဝါးသစ်တောများကို စနစ်တကျသုံးစွဲနိုင်ခြင်းနှင့် ထိန်းသိမ်းနိုင်ခြင်းတို့အပြင် သစ်တော သယံဇာတများ ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ အကျိုးပြုစေမည်ဖြစ်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးသော လုပ်ငန်းရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။
အစီအစဉ်အရ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မဲခါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သော “မျှစ်စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ်အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝ ဝင်ငွေ ရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း” အရ သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံဖွင့်ပွဲ အခမ်းအနား၊ ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ အောင်ဘိသိတ်၊ မြသီတာ၊ ဆိတ်ဖူးတောင်၊ လွှက်တောင်နှင့် နန်းလွင်စန်းကျေးရွာတို့ရှိ စိတ်ဝင်စားမှု တူညီရာအဖွဲ့ (ClGs) (၇) ဖွဲ့မှ တောင်သူကိုယ်စားလှယ်များနှင့် အလင်းရောင်သမဝါယမအသင်း၊ ငွေမြိုင်သမဝါယမ အသင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်စိုက်ပျိုးရေးရုံးတို့ကို လုပ်ငန်းသုံးစက်ပစ္စည်းများ နှင့် ရန်ပုံငွေများ ပေးအပ်သည်။
ယခုစီမံကိန်း၏ ဆောင်ရွက်ချက်များအရ လုပ်ငန်းစိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs)များနှင့် သမဝါယမ အသင်းများအား ရန်ပုံငွေနှင့် လုပ်ငန်းသုံးစက်ပစ္စည်း ကိရိယာများပေးအပ်ခြင်းအားဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာပြီး ကျေးလက်နေအိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု၊ ဒေသတစ်ခုချင်း၏ စားရေရိက္ခာဖူလုံမှု၊ လူမှုဘဝမြှင့်တင်နိုင်မှုနှင့်အတူ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)