နေပြည်တော် နိုဝင်ဘာ ၂၃
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆဋ္ဌမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှု လျှော့ချရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးမှု ကွာဟချက်လျှော့နိုင်ရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တည်ထောင်ကာ ဒေသတွင်း နိုင်ငံများသို့ လူမှုစီးပွားဘဝ မြှင့်တင်ရေးစီမံကိန်းများ ထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်ဆိုလျှင် ဆဋ္ဌမအကြိမ် ရောက်ရှိပြီ ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို ထိရောက်စွာ အထောက်အကူပြု စေနိုင်သဖြင့် အကျိုးကျေးဇူးများစွာရှိသော စီမံကိန်းလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများ၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. Zhang Zhonghua နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်မိုးတို့က အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)၊ (၂၀၂၂)တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သော လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန်နှင့် ဧည့်သည်တော်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ပြခန်း ပြကွက်များကို ကြည့်ရှုအားပေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို စုစုပေါင်း ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁၈ သန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၁၇)ဖြင့် စီမံကိန်း ၅ ခု၊ (၂၀၁၈) ဖြင့် စီမံကိန်း ၉ ခု၊ (၂၀၂၀) ဖြင့် စီမံကိန်း ၆ ခု၊ (၂၀၂၁) ဖြင့် စီမံကိန်း ၄ ခု၊ (၂၀၂၂) ဖြင့် စီမံကိန်း ၇ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စီမံကိန်း (၄)ခုတွင် မြန်မာ့လယ်ယာ ထွက်ကုန်များနှင့် စိုက်ပျိုးရေး ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ စပါးအပြီး ပဲပုပ်သီးထပ်စိုက် ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ခွာနာလျှာနာရောဂါ ကင်းရှင်းရေး ဇုန်ထူထောင်ခြင်း၊ ဒေသကြက်များကို မျီုးရိုးဗီဇ မြှင့်တင်ခြင်းနှင့် ရောဂါဖော်ထုတ်ခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)