နေပြည်တော် အောက်တိုဘာ ၆
“မဲခေါင်-လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံ ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်၊ နာနတ်၊ မက္ကဒေးမီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများအပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါ ထည့်သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းသစ်သီးပွဲတော် ပထမနေ့တွင် မြန်မာနိုင်ငံ၏ အလားအလာရှိသည့် သစ်သီးဝလံများနှင့် ပတ်သက်သည့် ဈေးကွက်မြှင့်တင်ရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
(သတင်းစဉ်)


