နေပြည်တော် ၂၈  ဩဂုတ် 


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ခြင်းစီမံကိန်း အစီအစဉ် ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။


အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် National Coordination Unit of Mekong-Lancang Cooperation , Vice Chair, ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ နိုင်ငံအလိုက် အတွေ့အကြုံ မျှဝေနိုင်မည့် အခြေအနေများနှင့် အသိပညာဖလှယ်ရေး လေ့လာရေး ခရီးစဉ်များ စီစဉ်နိုင်ရေး ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဘတ်ဂျက် အစီအစဉ်များကို ညှိနှိုင်းရေးဆွဲကြမည်ဖြစ်သည်။


အဆိုပါ အစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထူထောင်ပေးသည့် ဒုတိယအကြိမ် အထူးရန်ပုံငွေအရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းစုစုပေါင်း ၂၃ ခုကို အဆိုပြုခဲ့ရာစီမံကိန်း ၁၂ ခု ရွေးချယ်ခံရသည့်အနက် ယခုအစီအစဉ်မှာ တစ်ခုအပါအဝင် ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး (Agriculture and Poverty Reduction) ကဏ္ဍတွင် ပါဝင်ကြောင်း သိရသည်။


(သတင်းစဉ်)