မန္တလေး ဒီဇင်ဘာ ၂၀
Mandalay International Trade Fair & Investment Forum 2023 ကို ယနေ့ ဒီဇင်ဘာ ၂၀ ရက်မှ စတင်၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ကျင်းပလျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ Forum ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်မှ တယ်ဟုန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ဝ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။
“ဒီ Forum မှာ အာဆီယံနိုင်ငံတွေက သူတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေ ပြသကြတဲ့အတွက် အဆက်အသွယ်တွေရရှိပြီး ကျနော်တို့နိုင်ငံက လုပ်ငန်းရှင်တွေ ပြည်ပနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဖြင့် သူတို့ရဲ့ လုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့မှာပဲ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့နဲ့ MOU သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်”ဟု MRCCI ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
၎င်း Forum မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အချင်းချင်း ချိတ်ဆက်ပေးနိုင်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းဒေသကြီး၏ စီးပွားရေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်စေရေး အလားအလာများ သိသာပေါ်လွင်စေရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရှင်သန်သွားနိုင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ယခုကဲ့သို့ ကျင်းပခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။
“နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ မန္တလေး၊ မြို့သာစက်မှုဥယျာဉ်မှာ လာရောက်ရင်းနှီးမြှုပ်နှံ နိုင်တယ်ဆိုတာကို ဒီပွဲမှာ ရှင်းလင်းပြသတာ ဖြစ်ပါတယ်။ တည်နေရာအနေနဲ့ မြန်မာနိုင်ငံရဲ့ ဗဟိုမှာရှိပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံးနဲ့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေတဲ့ နေရာဖြစ်တယ်။ ယခုလုပ်တဲ့ Forum ကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ လုပ်ငန်းရှင်တွေ ရှေ့ဆက်ပြီး ဘာလုပ်မလဲ၊ ထပ်ပြီး ဘာတွေချဲ့ထွင်နိုင်မလဲဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်” ဟု မန္တလေး မြို့သာစက်မှုဥယျာဉ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာထွန်းအောင်က ပြောသည်။
Mandalay International Trade Fair & Investment Forum တွင် ဒီဇင်ဘာ ၂၀ ရက်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍ၊ ဒီဇင်ဘာ ၂၁ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဒီဇင်ဘာ ၂၂ ရက်တွင် Green Energy MSME ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်သည်။
ယနေ့ကျင်းပသည့် Forum တွင် ပြခန်းပေါင်း(၂၄၀)ကျော်ကို ခင်းကျင်းပြသထားရှိပြီး ပြခန်းအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် အိမ်သုံးကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ EV car ၊ ဆိုလာနှင့် လျှပ်စစ်ပစ္စည်း စသည်တို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်သည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ Lucky Draw အစီအစဉ်များနှင့် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း- မောင်အေးချမ်း
ဓါတ်ပုံ- MTK