ကျောက်တံခါး ၂၅ ဇူလိုင်


မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကျောက်တံခါးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြစ်ချောင်းဘေးရှိ အခြေခံပညာ ကျောင်းများအတွက် ကျောင်းသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဇူလိုင် ၂၃ ရက်က ကျောက်တံခါးမြို့နယ် ပညာရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ပေးအပ်ရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးစန်းလွင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ မြစ်ချောင်းဘေးရှိ အခြေခံပညာကျောင်းများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် ကျောက်တံခါးမြို့နယ်အတွင်းရှိ မြစ်ဘေးချောင်းဘေးနှင့် နီးကပ်စွာရှိသော လက်ခံ၊ ဒိုးတန်း၊ ကျောက်စရစ်၊ နတ်တလင်း၊ ကညင်ကြိုးရွာဟောင်း၊ လှေတော်ခုံ၊ မြို့ချောင်း၊ ကြာပင်အိုင်၊ ကြာအင်းကုန်း၊ သစ်တဲ၊ ရွာသာယာ၊ အနန်းဘော်၊ အောက်တဲစု၊ ညောင်ဝိုင်းကျေးရွာများရှိ အခြေခံပညာ ကျောင်းပေါင်း (၁၄)ကျောင်းအား စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများနှင့် မိုးကာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်ကို(ကျောက်တံခါး)