ကြို့ပင်ကောက် ၃၀ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ်အုတ်တွင်းကုန်းအုပ်စု ကျီစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးလက်မီးလင်းရေးလုပ်ငန်းသည် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ လျှပ်စစ်မီး စတင်အသုံးပြု၍ရနေပြီဖြစ်ကြောင်း ကျေးရွာမီလင်းရေးကော်မတီထံမှ သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အုတ်တွင်းကုန်းအုပ်စု ကျီစုကျေးရွာသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ရာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငါးနှစ်ပြည့်မြောက်သွားပြီး အတိုးရငွေ သိန်း ၁၆၀ ကျပ်ခန့် ရရှိနေပြီဖြစ်ကြောင်း၊ အတိုးရငွေများထဲမှ ငွေကျပ် ၈၇ သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေကျပ် သိန်း ၁၀၀ ခန့်တို့ပေါင်းပြီး ကျေးရွာမီးလင်းရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၃ ရက်တွင် မီးစတင်လင်းပြီဖြစ်ကြောင်း၊ ကျေးရွာအတွင်း အိမ်ထောင်စုများမှ အိမ်သုံးမီတာ ၇၁ လုံး ရယူသုံးစွဲနိုင်သောကြောင့် ကျေးရွာနေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်ထူးထံမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ယူနစ် ၄၇ ယူနစ်အား ကျေးရွာ ၄၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အတိုးရငွေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာနှစ်ရွာတွင် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးထံမှ သိရသည်။
ဇေယျာထွန်း(ပြန်/ဆက်)


