ဝန်းသို ၂၄ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲသည့်မိသားစုများ ဝင်ငွေတိုးပွားလာစေရေးအတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၃၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မော်ခါးကျေးရွာတွင် စီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဘက်စုံသုံးအဖြစ် ကားတစ်စီး ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

"ကျနော်တို့ရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာဆိုရင် စတုတ္ထစက်ဝန်း လည်ပတ်နေပြီး အတိုးရငွေကျပ်သိန်း ၂၄၀ ကျော် ရရှိနေပါပြီ၊ စီမံကိန်းအတိုးရငွေနဲ့ ကျနော်တို့ မူလရည်မှန်းထားတာက ဘုန်းကြီးကျောင်းဆောက်ဖို့ပါ၊ လမ်းညွှန်ချက်နဲ့ မကိုက်မှာစိုးတာကြောင့် စီမံကိန်းလက်စွဲ စာစောင်ပါ လမ်းညွှန်ချက်အရ ငွေကျပ်သိန်း ၁၀၀ ကျော်ရင် ၅၀ ရာခိုင်နှုန်းကို ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားတဲ့အတွက် အတိုးရငွေထဲက ငွေကျပ်သိန်း ၁၀၀ သုံးပြီး ကျေးရွာက ငွေကျပ်သိန်း ၃၀ ကျော်စိုက်ထည့်ပြီးတော့ Tipper ကားတစ်စီး ဝယ်လိုက်နိုင်ပါတယ်၊ ယခု ကျနော်တို့ရွာ အမှိုက်ကင်းစင်ရွာဖြစ်ဖို့ ဆောင်ရွက်နေတာကြောင့် အမှိုက်သိမ်းဆည်းဖို့ အတွက်ရယ်၊ ကျေးရွာဘုန်းတော်ကြီးကျောင်း ဆောက်ဖို့အတွက် လိုအပ်တဲ့ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ အုတ် စတာတွေသယ်ယူဖို့ အကျိုးပြုနိုင်ပါပြီ၊ ဒါကြောင့် ရပ်ရွာသန့်ရှင်း၊ သပ်ရပ်ဖို့အတွက်ကော၊ မိမိတို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းမှာပါ ဘက်စုံအကျိုးပြုနိုင်တော့ ဝမ်းသာရတာပေါ့ဗျာ" ဟု ကျေးရွာကော်မတီဝင် ဦးဌေးမောင်က ပြောသည်။

 

မော်ခါးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အတိုးရငွေ ကျပ်သိန်း ၁၀၀ သုံးစွဲပြီးနောက်  စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရန် တောင်သူ နှစ်ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၈၉ ဦး၊ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်ရန် တောင်သူ ခုနစ်ဦးတို့ကို စီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၄၃၀ ထုတ်ချေးပြီး စတုတ္ထစက်ဝန်းအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)