မြစ်ကြီးနား ၂၄ ဩဂုတ်

မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း မိုင်တိုင်အမှတ် (၁၃၈/၆ နှင့် ၁၃၈/၇) ကြား တံတားအမှတ် (၁၀/၁၃၉) အရှည် ၂၅၅ ပေရှိ ဖုန်အင်တံတားသည် ဩဂုတ် ၂၁ ရက် နံနက် ၄ နာရီခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ဘိလပ်မြေအိတ် ၂၀၀၊ ဆိုင်ကယ်အစီး ၃၀ တင်၍ ဦးမင်းမင်း မောင်းနှင်လာသည့် ၁၀ ဘီးယာဉ်သည် တံတားပေါ်ဖြတ်မောင်းစဉ် တံတားကျိုးကျမှုဖြစ်ပွားခဲ့သည်။

တံတားကျိုးပြီး ကားပြုတ်ကျမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာများ ရရှိသွားသဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။

တံတားကျိုးကျမှုအား တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁) နှင့် မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဘေလီသံပေါင်များ စတင်တပ်ဆင်နေပြီ ဖြစ်သည်။ တံတားပြုပြင်ရေးလုပ်ငန်းကို သုံးရက်မှ ငါးရက်အတွင်း အပြီး တည်ဆောက်သွားမည်ဟု မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

ခရမ်း-စိုးမြင့်