ပူတာအို ၂၁ ဩဂုတ်
ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်း ပူတာအို-ဆွမ်ပရာဘွမ် ကြား၌ ယနေ့ နံနက်ပိုင်းက ဘေလီတံတားပေါ် ကားဖြတ်သန်းစဉ် တံတားကျိုးကျခဲ့၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၄ နာရီခန့်က မင်းမင်း(၃၈)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရှိုင်းကို(၂၈ နှစ်) လိုက်ပါလာသည့် ဒေါင်ဖန်းအမျိုးအစား ၁၀ ဘီးယာဉ်သည် မြစ်ကြီးနားမှ ပူတာအိုမြို့သို့ ဘိလပ်မြေ အိတ် ၂၂၀ တင်ဆောင်ကာ မောင်းနှင်လာစဉ် ပူတာအို-ဆွမ်ပရာဘွမ် ကြားရှိ တံတားအမှတ်(၆/၁၄၈) ဖုန်အင်သံဘောင်ဘေလီတံတား အရှည်ပေ(၂၅၃ ပေ)၊ အကျယ်(၁၂ ပေ) ပေါ်သို့ ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျခဲ့၍ ယာဉ်နှင့်အတူ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ပါ အကျယ်ပေ ၁၅၀၊ အနက် ၁၅ ပေခန့်ရှိ ဖုန်အင်ချောင်းအတွင်း ပြုတ်ကျခဲ့ပြီး ယာဉ်မောင်း မင်းမင်းတွင် ညာခြေထောက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ရှိုင်းကိုတွင် ယာဘက်နထင်ပွန်းပဲ့(မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သည်။
တံတားကျိုးကျသည့်နေရာသို့ နယ်မြေခံတပ်မှတပ်မတော်သားများ၊ လမ်းအထူးအဖွဲ့(၁)မှ တာဝန်ရှိသူများမှ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကာ အဆိုပါ ကျိုးကျခဲ့သည့် တံတားအား လမ်းအထူးအဖွဲ့(၁)မှ တာဝန်ယူပြုပြင်မည်ဖြစ်ပြီး တံတားပြုပြင်ချိန်မှာ တစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)