မြစ်ကြီးနား    ၁၄     မေ 


မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်သည်။

 

1

 


ရှေးဦးစွာ ကျောက်စိမ်းအရောင်းပြခန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်ဦး၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန်သိန်း၊ မြန်မာနိုင်ငံကျောက် မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ပြည်နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်း နာယက ဒူဝါခက်ထိန်နန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

1

 


ယင်းနောက် ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည် နယ် ဖားကန့်ဒေသကထွက်သည့် ကျောက်စိမ်းသည် အဖိုးတန်ပြီး နိုင်ငံ၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေမြောက်များစွာရရှိနေသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊  ယခုလို ကျောက်မျက်ပြပွဲနှင့် အချောထည်များ ပြသရောင်းချပေးခြင်းအားဖြင့် မြစ်ကြီးနား မြို့တွင်ကျောက်စိမ်းဈေးကွက်ဖြစ်ထွန်းအောင်မြင်လာစေရန် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအားလုံးက ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဒါအပြင် ကျောက်စိမ်းပန်းပုအချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာစေရန် ကျောက်မျက်သင်တန်း ကျောင်းများ ဖွင့်လှစ်ပြီး ပညာရှင်များမွေးထုတ်ပေးဖို့ လိုအပ်ပြီး ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကျောက်မျက်နှင့် ဆက်စပ်သည့် ပညာရပ်များကို မိမိတို့အစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် ကျောက်မျက်အသင်း (မြစ်ကြီးနား)က ဦးဆောင်၍ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။


ယင်းနောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦလဖိုင်ခွန်ဆာက ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရစ်နန်ဇေလွမ်းက ကြိုဆိုနှုန်းခွန်းဆက်စကားပြောကြားကာ ဒုတိယအကြိမ်မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုများအား ပြည်နယ်အသင်းဒုတိယဥက္ကဋ္ဌဦးလခရိလအောင်က တင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ဒုတိယတိုင်းမှူးနှင့်တပ်မတော် အရာရှိကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် နှင့်အသင်းခွဲများမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲမှ ဧည့်သည်တော် များနှင့် တက်ရောက်လာကြသော လုပ်ငန်းရှင်များက အရောင်းပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ ၄၉၅ တွဲ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲကို ကျောက်စမ်းအတွဲ ၄၉၅ တွဲဖြင့် မြစ်ကြီးနားမြို့၌ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေး ၁၀ သိန်းသတ်မှတ်ထားပြီး ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပြီး ပထမအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်မှ ၃၀ ရက်အထိ ကျောက်စိမ်းအတွဲ ၃၃၈ တွဲဖြင့် ပြုလုပ်ခဲ့ပြီး ၁၉၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN